လီဗာပူးလ် နောက်ခံလူဟောင်း ကာရေဂါကို အလုပ်မဖြုတ်ဖို့ တောင်းဆိုလိုက်တဲ့ တံတွေးထွေးခံခဲ့ရတဲ့ မိသားစု

လီဗာပူးလ် နောက်ခံလူဟောင်း ကာရေဂါဟာ လီဗာပူးလ်အသင်းက မန်ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဆယ်ကျော်သက်အရွယ် ယူနိုက်တက် ပရိသတ်တစ်ဦးကို တံတွေးဖြင့် ထွေးခဲ့ပြီး အဆိုပါဗွီဒီယို ဖိုင်ဟာ အွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပါတယ်။ အဆိုပါ သတင်းကို ကြားသိခဲ့ရတဲ့ Sky Sport မှ တာဝန်ရှိသူတွေဟာလည်း ၄င်းရဲ့ လုပ်ရပ် အပေါ် အပြင်းအထန်ရှုတ်ချခဲ့ပြီး မနေ့က ၄င်းတင်ဆက်နေကျ အစီအစဉ်တစ်ခုဖြစ်တဲ့ MNF အစီအစဉ်မှာလည်း ပါဝင်ခွင့်မပြုခဲ့ဘဲ တာဝန်မှ ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်။ တံတွေးထွေးခံခဲ့ရတဲ့ ကလေးမလေးရဲ့ ဖခင်ဖြစ်သူကတော့ ကာရေဂါကို အလုပ်မထုတ်ဖို့နဲ့ သူတောင်းပန်ပြီးပြီမို့ ကျေနပ်ကြောင်းကို အခုလို ပြောကြားခဲ့ပါတယ်။
 
"ကျွန်တော်တို့ ကိစ္စအတွက်နဲ့တော့ သူ အလုပ်ထုတ်ခံလိုက်ရတဲ့အထိ မဖြစ်စေချင်ပါဘူး။ အခုလို ဖြစ်တာနဲ့လည်း သူ့အလုပ်နဲ့ ဆိုင်တယ်လို့ ကျွန်တော်မထင်ပါဘူး။ သူ့ ကိုယ်တိုင်ကိုယ်ကျ ကျွန်တော်တို့ကို တောင်းပန်ထားတဲ့အတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ လူထဲကလူတွေပါဗျာ။ အမှားနဲ့ ဘယ်ကင်းကြမလဲ” လို့ ကလေးမလေးရဲ့ ဖခင်ဖြစ်သူက ပြောကြားခဲ့ပြီး မိခင်ဖြစ်သူကလည်း ကာရေဂါအတွက် အခုလို သတင်းတွေ ကြားရတာ စိတ်မကောင်းဖြစ်မိကြောင်းနဲ့ အလုပ်မထုတ်ဖို့ကိုလည်း ထပ်မံပြောကြားသွားခဲ့ပါတယ်။
 
ကာရေဂါကတော့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အခုလို ဖြေကြားထားပါတယ်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်က ဘာအကြောင်းပြချက်မှ ပေးမှာမဟုတ်ပါဘူး။ ဒီကိစ္စဖြစ်ပြီးနောက် ကျွန်တော် စိတ်မကောင်း ဖြစ်မိသလို ရှက်လည်း ရှက်မိပါတယ်။ ဒီလိုကိစ္စမျိုးဟာ လက်ခံနိုင်စရာ မရှိဘူးဆိုတာလည်း သိပါတယ်။ အခုလုပ်ရက်ကြောင့် တစ်ဖက်မိသားစုတွေရော ကျွန်တော့်မိသားစုဝင်တွေပါ စိတ်ပျက်နေကြပါတယ်။ ကျွန်တော့် ဘက်ကပဲ အားလုံးကို အနူးညွတ် တောင်းပန်ပါတယ်။ ကျွန်တော် အဲ့ဒီ ဗွီဒီယိုကို ပြန်ကြည့်မိတိုင်း ၅ စက္ကန့်လောက် အထိန်းအချုပ် ကင်းမဲ့ခဲ့တယ်လို့ ခံစားရပါတယ်" လို့ ဖြေကြားထားပါတယ်။
 
ကာရေဂါ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး Sky Sport ရဲ့ နောက်ထပ် စီစဉ်တင်ဆက်သူဖြစ်တဲ့ ဂယ်ရီနဗီးလ်ကို မေးမြန်းရာမှာတော့ "သူ့အလုပ်ကိစ္စက နဲ့ ပတ်သက်ပြီး ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ လက်ရှိမှာတော့ သူ့ကိစ္စနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။ သူတို့လည်း အခုကိစ္စအပေါ် တော်တော်လေး စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် အဲဒီကိစ္စ တစ်ခုတည်းနဲ့တော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို အလုပ်ကနေ မစွန့်ခွာရဖို့ မျှော်လင့်မိပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
Daily Mail
The Ladies News
 

 

Vote: 
No votes yet

Add new comment