၂၁ ရာစု ခေတ်သစ်အထိ တိုင်းရင်းသားကလေးငယ်များ၏ အနာဂတ်များ အမှောင်ဖုံးနေဆဲဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

ပြည်တွင်းလက်နက်ပဋိပက္ခများ၏ ဆိုးကျိုးအနေဖြင့် ၂၁-ရာစု ခေတ်သစ်ကိုရောက်သည်အထိ တိုင်းရင်းသား ကလေးငယ်အများ၏ အနာဂတ်များသည် အမှောင်ဖုံးနေဆဲ ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီ နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့သည် လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
`သံသယတွေ၊ မုန်းတီးမှုတွေ၊ လက်နက်ပဋိက္ခတွေရဲ့ ဆိုးကျိုးအနေနဲ့ ဒီဒေသတွေဟာ မဖွံ့ဖြိုးနိုင်၊ မတိုးတက်နိုင်၊ ယနေ့အထိ နောက်ကျန်နေတုန်းပါပဲ၊ ယနေ့ထက်တိုင် နောက်ကျ ကျန်ရစ်နေရတုန်းပါပဲ။ ပြည်သူတွေဟာလည်း အကြောက်တရားနဲ့ နေ့စဉ်ရှင်သန် နေထိုင်ကြရပါတယ်၊ ဒီကနေ့အထိ၊ ၂၁-ရာစု ခေတ်သစ်အထိ တိုင်းရင်းသား ကလေးသူငယ်တွေရဲ့ အနာဂတ်တွေ မှောင်မဲနေတုန်းပါပဲ၊ ဒီအခြအနေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ငြိမ်းချမ်းအောင် ကျွန်မတို့ မလုပ်ကြသေပါဘူး။ ၀မ်းနည်းစရာ ကောင်းသလို ကြေကွဲစရာလည်း ကောင်းပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့ မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့ အနာဂတ်တွေဟာ ဒီကနေ့အထိ စိတ်ချရတဲ့ အလင်းရောင် မသန်းသေးနိုင်ကြသေးပါဘူး။ နိုင်ငံတကာမှာ ပြောကြတယ်။ စစ်ဒဏ်ကြုံပြီး အရမ်းကိုတိုးတက်သွားကြတဲ့ နိုင်ငံတွေက ပြောကြတယ်။ စစ်ဘေးစစ်ဒဏ် မသင့်ခဲ့ဘူးရင် ညီညီညွတ်ညွတ် ကြိုးကြိုးစားစား ရုန်းကန်ချင်တဲ့ စိတ်ဓာတ် မြင့်မားတယ်၊ ဒါကြောင့် တိုးတက်လာကြတာလို့ ဆိုကြပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် ဒီလို မဖြစ်နိုင်ခဲ့ပါဘူး။ ဒီကနေ့အထိလည်း မဖြစ်နိုင်သေးပါဘူး´ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
 
လွတ်လပ်ရေး ရရှိပြီးကတည်းက မိမိတို့နိုင်ငံတွင် လက်နက်ကိုင် ပဋိက္ခများကြောင့် အင်းအားပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း၊ တိုင်းပြည် မငြိမ်းချမ်းသည့်အတွက် တည်ငြိမ်မှုကင်းမဲ့ပြီး ဖွံ့ဖြိုးတက်မှုများ အဘက်ဘက်က
နောက်ကျကာ အဆင်းရဲဆုံး နိုင်ငံစာရင်းထဲသို့ သက်ဆင်း ကျရောက်ခဲ့ကြကြောင်း၊ နိုင်ငံလည်း နစ်နာ၊ လူထုလည်း နစ်နာ၊ ပြည်ထောင်စု၏ အနာဂတ်လည်း နစ်နာရသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံက မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသည်။
 
`ဒီကနေ့ ဒီအချိန် ကျွန်မတို့နိုင်ငံမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးရင်ဆိုင်နေရပါတယ်။ အားလုံး သိကြတဲ့အတိုင်း နိုင်ငံတကာအလယ်မှာ ကျွန်မတို့နိုင်ငံဟာ ဖိအားပေါင်းများစွာ၊ ဝေဖန်မှုပေါင်း များစွာနဲ့ ရင်ဆိုင်နေရသလို ပြည်တွင်းမှာလည်း သဘောထား ကွဲလွဲမှုတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတုန်းပါပဲ။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ လောကကြီးနဲ့ ယနေ့ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်ဆိုင်နေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေ ကြီးပြင်းလာတဲ့အချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ထူးမခြားနား နိုင်ငံတော်မျိုးကို ကျွန်မတို့ ထားရစ်မှာလား၊ စည်းလုံးညီညွတ် ခိုင်မာတောင့်တင့်ပြီး အများသူငါက လေးစားရတဲ့ နိုင်ငံတော်ကို ကျွန်မတို့ ထားရစ်မှာခဲ့မှာလား၊ အလေးအနက်ထားပြီး စဉ်စားကြဖို့ ကျွန်မအနေနဲ့ ဒီနေရာကနေ တိုက်တွန်း ပြောကြားလိုပါတယ်´ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment