Ballon d'Or ဆုကို ဒီဘရိုင်းန် စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ဂွာဒီယိုလာပြောကြား

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဂွါဒီယိုလာကတော့ ၄င်းတို့အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဒီဘရိုင်းန်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိတဲ့ သူတစ်ယောက်လို့ ပြောကြားလိုက်ပါတယ်။ ဂွါဒီယိုလာဟာ ယခုနှစ်ရာသီမှာ မန်ချက်စတာစီးတီးအသင်းကို အံ့သြဖွယ်ရလဒ်ကောင်းတွေ ရရှိနိုင်အောင် စွမ်းဆောင်ပေးထား နိုင်သူတစ်ဦးဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်အသင်းကိုလည်း ၁၆ မှတ်အထိ ဖြတ်ထားကာ ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးမှာ ဦးဆောင်ထားနိုင်သူလည်း ဖြစ်ပါတယ်။
 
ဂွါဒီယိုလာဟာ ၄င်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဘရိုင်းန်ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး မန်စီးတီးအသင်းသာ ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ်အထိ တက်လှမ်းနိုင်ခဲ့ပါက အဆိုပါ ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ Ballon d'Or ဆန်ကာတင်စာရင်းမှာ ပါဝင်လာ နိုင်လိမ့်မယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။ အဆိုပါ ကွင်းလယ်ကစားသမား ဒီဘရိုင်းန်ဟာ ပြီးခဲ့တဲ့ စနေနေ့က ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ လက်စတာ စီးတီးနဲ့ပွဲစဉ်မှာ တိုက်စစ်မှူး အဂူရိုအတွက် ၃ ဂိုး အထိ ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စိန့်ဂျိမ်းပတ်ခ်မှာ နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ၁၆ မှတ်အထိ ကွာဟသွားခဲ့ရပြီဖြစ်ပြီး မန်စီးတီးအနေဖြင့် ယခုပုံစံအတိုင်းသာ
ဆက်လက် ထိန်းသိမ်းသွားပါက ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ဖလားကြီးကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ယခုတစ်ပတ်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဘေဆယ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ကွင်းလယ်လူ ဒီဘရိုင်းန်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားထဲက တစ်ဦးဆိုတာကို သက်သေပြဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
 
သတင်းမီဒီယာများက ဒီဘရိုင်းန်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဆင့်ကို ရောက်ပြီလားလို့ မေးမြန်းတဲ့ အပေါ်မှာတော့ ဂွါဒီယိုလာက အခုလို ဖြေကြားထားပါတယ်" လုံးဝ သံသယဖြစ်စရာ မရှိပါဘူ။ ဒါကို ပွဲတစ်ပွဲတည်း အတွက်နဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ တစ်ရာသီလုံးအတိုင်းအတာနဲ့ ကြည့်ပြီး ဆုံးဖြတ်တဲ့ဆုပါ။ ဒါပေမယ့် ဒီဘရိုင်းန်းလည်း သိသလို အားလုံးလည်း သိပြီးဖြစ်မှာပါ။ ဒီလိုဆုကို ရရှိဖို့အတွက် ဆုဖလားတွေလို အပ်ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ဖလားပေါ့။ သူ့ရဲ့ကစားပုံကို ကြည့်ပါ။ သူကစားသလိုမျိုး ကစားနိုင်တဲ့သူမျိုး ဥရောပမှာ ရှာဖို့ခက်ပါတယ်။ Ballon d'Or ဆုကို ရဖို့အတွက်တော့ ချန်ပီယံလိဂ် ဆုဖလား ရယူနိုင်အောင် ကြိုးစားရမှာပါ။ အကယ်၍များ ချန်ပီယံလိဂ် နောက်ဆုံးအဆင့်ကိုတောင် မတက်ရောက်နိုင်ခဲ့ရင်တော့ ဆန်ခါတင်မှာတောင် ပါနိုင်မှာ မဟုတ်ပါဘူး" လို့ ဖြေကြားထားပါတယ်။
 
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၆ ကြိမ်မှာ ၁၆ သင်းအဆင့်ကို တစ်ကြိမ်သာ ကျော်ဖြတ်ထားနိုင်ခဲ့တယ်လို့ သိရပြီး ထိုအချိန်က ဆီမီးဖိုင်နယ်ပွဲစဉ်အထိ တက်လှမ်းနိုင်ခဲ့ကာ ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။
 
Ref: Daily Mail
The Ladies News
 

 

Vote: 
No votes yet

Add new comment