မိမိကိုထုတ်ပယ်ပါက ချဲလ်ဆီးအမှားကြီးမှားလိမ့်မယ်လို့ ကွန်တီပြောဆို

ချဲလ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီက အသင်းကြီးတွေအနေနဲ့ သူတို့ခန့်အပ်ထားတဲ့ နည်းပြတွေ အပေါ် အချိန်ယူစောင့်ကြည့်ရမှာဖြစ်ပြီး ဆုဖလား ရယူမပေးနိုင်တာနဲ့ အသင်းကထုတ်ပယ်ဖို့ကို ပြီးစလွယ် မဆုံးဖြတ်သင့်ဘူးလို့ ပြောဆိုထားပြီး ချဲလ်ဆီးအသင်းအနေနဲ့လည်း ရာသီကုန်မှာ ၄င်းကိုထုတ်ပယ်ပါက အမှားအကြီးကြီးတစ်ခုကို ကျူးလွန်မိတာဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
 
ကွန်တီဟာ ချဲလ်ဆီးအသင်းထံ ပထဆုံးရောက်ရှိလာစဉ်က ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်မှုအပေါ် မျှော်လင့် ခံထားရခြင်းမရှိပေမယ့် ဆုဖလားကြီးကို ရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ ယခုနှစ် ရာသီမှာတော့ ချဲလ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေကိုသာ ပိုင်ဆိုင်ထားနိုင်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေဟာ ၄င်းနေရာမှာ အခြားနည်းပြတစ်ယောက်ကို ရာသီကုန်မှာ အစားထိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။ အဆိုပါ နည်းပြအပြောင်းအလဲ ကိစ္စနဲ့ပတ်သက်ပြီး ကွန်တီက ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးဟာ နှစ်တိုင်းဗိုလ်စွဲနိုင်ဖို့ မလွယ်ကူကြောင်းနဲ့ ကလပ်အသင်းတွေအနေနဲ့ သူတို့ရဲ့ နည်းပြတွေအပေါ်မှာ အလွယ်တကူ စိတ်မကွက် သင့်ကြောင်းကို အခုလို ပြောကြားထားပါတယ်။
 
ကွန်တီက "နည်းပြတွေတိုင်းဟာ ကလပ်အသင်းတစ်ခုမှာ ဆက်ပြီး အလုပ်လုပ်နေတယ်ဆိုတာ သူတို့ တစ်ရာသီတည်းမှာ ရရှိခဲ့တဲ့ အောင်မြင်မှုကြောင့် မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကလပ်အသင်းတွေက သူတို့တွေကို ယုံကြည်မှုရှိရှိနဲ့ တောင်းဆိုလို့သာ ဆက်ပြီးနေခဲ့ကြတာပါ။ ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ နည်းပြတွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ထားရှိပါတယ်။ ဒါပေမယ့် ဒီလို ဆက်ဆံရေး ကောင်းမွန်တာနဲ့ ဆုဖလားတွေကို ကြိမ်းသေရယူပေးနိုင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်လို့ မရပါဘူး။ အထူးသဖြင့် အင်္ဂလန်လို နေရာမျိုးမှာပေါ့" လို့ ပြောကြားထားပါတယ်။
 
ဆက်လက်ပြီး ချဲလ်ဆီးက ထုတ်ပယ်သွားမယ်လို့ ယုံကြည်နေလား ဆိုတဲ့ အပေါ်မှာလည်း "ကလပ်က ကျွန်တော့်ကို ထုတ်ပယ်မယ်ဆိုရင်လည်း ဘာကြောင့်ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ သူတို့ ကျွန်တော်ဒီမှာ ရှိနေတာ မနှစ်သက်တော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါက ကျွန်တော့်အမြင်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ရာသီမကုန်ခင် အထိတော့ အသင်းအပေါ်လေးစားမှု အပြည့်နဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ" လို့ ထပ်မံပြောကြားခဲ့ပါတယ်။
 
ချဲလ်ဆီးအသင်းဟာ ယခုနှစ်ရာသီကုန်မှာ ၄င်းကို ထုတ်ပယ်သွားမှာဖြစ်ပြီး ၄င်းရဲ့နေရာမှာ အစားထိုးဖို့ ယခင်ဘာစီလိုနာ အသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်သူ လူးဝစ်အန်းနရစ်နဲ့ သဘောတူညီမှုတွေ ရရှိပြီးဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကွန်တီဟာလည်း ချဲလ်ဆီးအသင်းနဲ့အတူ ဂိုးပြတ်ရှုံးပွဲတွေကို ၂ ပွဲဆက်တိုက် ကြုံတွေ့ခဲ့ရတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်စ်ဘရွန်းအသင်းနဲ့ ပွဲစဉ်မှာတော့ ၃-၀ နဲ့ အနိုင်ရရှိအောင် ပြန်လည်စွမ်းဆောင်ထားနိုင်တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment