မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ NCA တွင် လက်မှတ်ထိုးမည်ဟု သတင်းထုတ်ပြန်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ၀မ်းမြောက်ကြောင်းပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံပြီးသည့် နောက်တွင် မွန်ပြည်သစ် ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က NCA တွင် လက်မှတ်ရေးထိုး ခဲ့မည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၀မ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
 
မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ဆြာခွန်ဆာ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နိုငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် နေပြည်တော်၌ ယနေ့တွေ့ဆုံခဲ့သည်။
 
ထိုသို့တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေးကိစ္စနှင့် ငြိမ်းချမ်းရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှု အရ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့အနေဖြင့် မကြာခင် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး မည် ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်ဟု ဖေါ်ပြပါရှိသည်။
 
ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်ပြန်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ဆြာခွန်ဆာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား သီးခြားဆီ တွေ့ဆုံပြီးနောက် တွေ့ဆုံပွဲအပြီး သတင်းထုတ်ပြန်သည့် အခမ်းအနားကို NRPC အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်အောင်မင်းက မွန်ပြည်သစ်ပါတီ နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
 
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၀မ်းမြာက်ကြောင်း ပြောကြာရာတွင် `ကျွန်မအနေနဲ့ ယနေ့ မွန်ပြည်သစ်ပါတီနဲ့ ကျွန်မတို့ရဲ့ လားဟူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးကို ကြိုဆိုနိုင်တဲ့အတွက် အင်မတန်မှ ၀မ်းသာပါတယ်။ ကျွန်မတို့ဟာ ငြိမ်းချမ်းရေးရဖို့ အတွက်ဆိုရင် တစ်ဆင့်ပြီးတစ်ဆင့် သွားရပါတယ်။ အဆင့်တိုင်းအဆင့်တိုင်းဟာ ကျွန်မတို့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။ ဒီလို ကျွန်မတို့ရဲ့ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုအတွင်းမှာ ငြိမ်းချမ်းရေးရရှိရေးအတွက် ကူညီပေးတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ မွန်တိုင်းရင်းသားများ၊ လားဟူ တိုင်းရင်းသားများကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်မတို့အတွက်တင် လုပ်နေတာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ နောင်လာနောက်သားများ အားလုံးအတွက် လှမ်းနေတဲ့ ခြေလှမ်းတွေလို့ ယုံကြည်ပါတယ်။ ဒါကြောင့် အခု ကျွန်မတို့နဲ့အတူ ပြည်ထောင်စုသား အားလုံးကလည်း ၀မ်းမြောက်လိမ့်မယ်၊ ဂုဏ်ယူလိမ့်မယ်၊ ကျွန်မတို့ရဲ့ နိုင်ငံအတွက် ကူညီပံ့ပိုးမှုကို ကျေးဇူးတင် ကြလိမ့်မယ် ဆိုတာ ယုံကြည်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါတယ်` ဟု ပြောကြားကြောင်း အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။
 
မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် NCA တွင် လက်မှတ်ရေးထိုး နိုင်ရန် အတွက် အစိုးရနှင့် ဆွေးနွေးနေသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment