Alibaba ပိုင် Taobao ကို နာမည်ပျက်စာရင်းသွင်းလိုက်တဲ့ အမေရိကန်

အမေရိကန် ကုန်သွယ်ရေး အဖွဲ့အစည်းဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး E-Commerce လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Alibaba ပိုင်ဆိုင်တဲ့ Taobao ကို ဒုတိယအကြိမ် နာမည်ပျက်စာရင်း (Black List) သွင်းလိုက်တယ်လို့ သိရှိရပါတယ်။
 
Alibaba ဟာ Taobao အွန်လိုင်း အရောင်းဝက်ဘ်ဆိုဒ်ကနေ ကုန်ပစ္စည်းအတုကို တရားမ၀င် ရောင်းချတယ်ဆိုတဲ့ သင်္ကာမကင်းမှုနဲ့ အဆိုပါအဖွဲ့အစည်းကြီးရဲ့ Black List စာရင်းသွင်းခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ Alibaba Group Holding Ltd ရဲ့ အကြီးမားဆုံး အရောင်းဝက်ဘ်ဆိုက်ဒ် တစ်ခုဖြစ်တဲ့ Taobao ဟာ USTR က တစ်နှစ်အတွင်း ထုတ်ပြန်တဲ့ ကမ္ဘာ့တရားမ၀င် ကုန်ပစ္စည်း ရောင်းချမှု အများဆုံး ၀က်ဘ်ဆိုဒ် ၂၅ ခုမှာ ပါဝင်လာခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ၀က်ဘ်ဆိုဒ်စာရင်း ၀င်ဖြစ်ခဲ့ရပြီး အခုလို ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ Black List သွင်းခြင်းကို ခံခဲ့ရတာပါ။
 
Alibaba ရဲ့ အကြီးမားဆုံး အရောင်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Taobao ဟာ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ နာမည်ပျက်စာရင်း ပါဝင်ခြင်းမရှိခဲ့ပဲ ၂၀၁၆ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဆက်တိုက် နာမည်ပျက် စာရင်းသွင်း ခံရတာလည်း ဖြစ်ပါတယ်။ Alibaba ရဲ့ ဥက္ကဋ္ဌဖြစ်သူ မိုက်ကယ်အီဗန်ကတော့ ဒါဟာ အဂတိပါပြီး နိုင်ငံရေး သဘောဆောင်တဲ့ ဖြစ်စဉ်တစ်ခုလို့ သုံးသပ်ထားပြီး အခုလို အရေးယူခံရတာဟာ ၄င်းတို့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကို မယုံကြည်ရဘူးလို့ ပြောတယ်လို့လည်း မထင်ကြောင်း၊ တရုတ်နဲ့ အမေရိကန်အကြားက ဈေးကွက်ကုန်သွယ်ရေး တင်းမာမှု တစ်ခုသာဖြစ်ပြီး တရုတ်ရဲ့ စီးပွားရေး အင်အားကြီးမားလာတာကြောင့် အမေရိကန်ရဲ့ အနာဂတ်အမြင်တစ်ခုသာ ဖြစ်ဖို့ များကြောင်း ပြောကြားထားပါတယ်။
 
စီးပွားရေးဘက်မှာ အကွက်မြင်တတ်တဲ့ တရုတ်ဟာ မကြာခင် AI လောကမှာလည်း အမေရိကန်ကို ယှဉ်နိုင်ဖို့ ၄င်းတို့ ကိုယ်တိုင် သုတေသနရပ်ဝန်းတစ်ခုကို ဖန်တီးထားရှိပြီး မကြာသေးမီကလည်း အမေရိကန်အခြေစိုက် MoneyGram ကို ဒေါ်လာ သန်း ၈၈၀ နဲ့ Alibaba ပိုင် Art Financial Services မှ ၀ယ်ယူဖို့ ကြိုးစားမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
 
Alibaba ဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး E-Commerce အွန်လိုင်း အရောင်း၊ အ၀ယ်ပြုလုပ်နိုင်တဲ့ လုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီး လက်ရှိမှာတော့ Alibaba ဟာ Taobao စတိုးဆိုင်ပေါင်း ၂၃၀၀၀၀ ကျော်အထိ ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
The Ladeis News
Ref: NYT

 

Vote: 
No votes yet

Add new comment