ကိုယ့်သမိုင်းကိုယ်ရေးကြသူများ -၂ ရုပ်ရှင်အကြိုခံစားခြင်း

ဒီတစ်ပတ်ရဲ့ ရုပ်ရှင်အကြို ခံစားခြင်းမှာတော့ ယနေ့ခေတ် လူငယ်တွေရဲ့ တွေ့ကြုံရတဲ့ ဘ၀အခက်အခဲတွေကို ခိုင်မာတဲ့ ဇွဲလုံ့လနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြပုံတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ - ၂ ရုပ်ရှင်ဇာတ်ကားလေး အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
 
ဒီဇာတ်ကားလေးဟာ Underground မှာ ကျင်လည်နေကြတဲ့ လူငယ်တေးသံရှင်တွေ အတွက် အသိပညာ ဗဟုသုတတွေများစွာ ရရှိဖို့ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ပြီးစီးနေခဲ့တာ အချိန်အတော် ကြာမြင့်ပြီလို့ သိရပါတယ်။
 
ဒီဇာတ်ကားလေးကို ရိုက်ကူးပုံဖော်ထားသူကတော့ ဒါရိုက်တာ ဂျိုးဖြစ်ပြီး ယနေ့ခေတ် လူငယ်တေးသံရှင်တွေ အထူးသဖြင့် Underground မှာ သီချင်းလုပ်ဖို့ အခက်အခဲတွေ များစွာရှိနေသူတွေ၊ လမ်းမပေါ်မှာ ကျင်လည်နေရတဲ့ လူငယ်တွေရဲ့ ဘ၀၊ လူအများရဲ့ ၀ိုင်းဝန်းကဲ့ရဲ့ ရှုတ်ချမှုတွေ၊ ဒါတွေအားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး အောင်မြင်ဖို့ အတွက် အသွေးအသားတွေ အကုန်ရင်း ဇွဲမလျှော့တမ်းကြိုးစား နေကြရတဲ့ လူငယ်တွေရဲ့ ဘ၀တွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ လူငယ်တွေအကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်လေ့ရှိတဲ့ အလွတ်တမ်း ရပ်(ပ်) သီးဆိုခြင်းတွေ၊ Underground နဲ့ Maninstream ခွဲခြားမှုတွေကြောင့် စိတ်ဓာတ်ကျခဲ့ရတဲ့ လူငယ်တွေရဲ့ ဘ၀၊ ဖန်တီးမှုတွေ ကောင်းပေမယ့် လူရာသွင်း မခံခဲ့ကြရတဲ့ လူငယ်အဆိုရှင်တွေရဲ့ ဘ၀တွေကို ပရိသတ်ကြီးက သဘာဝကျကျ ခံစားကြရမှာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Pyone ဗွီဒီယိုထုတ်လုပ်ရေးက ထုတ်လုပ်ပေးထားတာဖြစ်ပြီး လူငယ်ခြေတက် သရုပ်ဆောင်ပေါင်းများစွာနဲ့ ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
 
အဓိက ဇာတ်ကောင်တွေအနေနဲ့ လက်ရှိ အဆိုတော် လောကမှာ နာမည်ကြီးနေပြီး ပရိသတ်တွေရဲ့  အားပေးခြင်းကို ခံထားရတဲ့ ယုံလေး၊ ရသ၊ ကြက်ဖ၊ g Fatt ၊ ice cold၊ J Fire၊ ပြုံးမြသွယ်၊ စိုးနန္ဒာကျော်နဲ့ မကြာသေးမီက မင်္ဂလာဆောင် သွားပြီဖြစ်တဲ့ နန်းမော်တို့က သဘာဝကျကျ ကြိုးစားရိုက်ကူး ပုံဖော်ထားကြတာ ဖြစ်ပါတယ်။
 
ဒီဇာတ်ကားကိုတော့ လာမယ့် ဇန်န၀ါရီ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး လူငယ်တေးသံရှင် တွေရဲ့ ဘ၀အကြောင်းကို ဗဟုသုတရဖွယ် ရိုက်ကူးတင်ဆက် ပေးထားတာကြောင့် ဂီတလမ်းကို လျှောက်နေတဲ့ လူငယ်တွေ သွားရောက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment