NCA တွင် လက်မှတ်ထိုးထားသော အပစ်ရပ်ရှစ်ဖွဲ့ အရေးပေါ် အစည်းအဝေးတွင် RCSS နှင့် KNLA ကိစ္စဆွေးနွေးမည်

ဇန်န၀ါရီ ၁၁ ရက်၊ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်မည့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး တွင် RCSS နှင့် KNLA ကိစ္စတို့ကို ဆွေးနွေးမည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Ladies News သို့ ပြောကြားသည်။
 
`RCSS အနေနဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲ မလုပ်ရသေးတာကို တစ်ချက် ဆွေးနွေးမယ်ထင်တယ်။ နောက်ပြီးတော့ KNLA က ထွက်လာတဲ့ အသံလေးတွေ ညှိမယ်ထင်တယ်။ ကျွန်တော်ထင်တာက အဲဒီလောက်ပဲဗျ´ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
 
ရှမ်းပြည်ထူးထောင်ရေး ကောင်စီ(RCSS) ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများ ပိတ်ပင်ခံရခြင်းနှင့် တောင်ကြီးမြို့၌ ကျင်းပမည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ဆွေးနွေးပွဲ ပိတ်ပင်ခံရခြင်း တို့ကြောင့် RCSS သည့် ဇန်နရီလ ၁၂ ရက်နေ့တွင် လင်းခေးမြို့၌ ပြုလုပ်မည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီ ရက်ရွှေ့ဆိုင်းထားခဲ့သည်။
 
ထို့အတူပင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၏ တပ်မှူးများ အစည်းအဝေး၌ ဇန်န၀ါရီလကုန်ပိုင်းတွင် ကျင်းပရန် လျာထားထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဆိုင်းငံ့ထားရန်နှင့် အကယ်၍ ဆိုင်းငံ့ထားခြင်းမရှိပါက တက်ရောက်မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
 
အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး The Ladies News မှ RCSS နှင့် KNLA မှ ပြောရေးဆိုခွင့် ရှိသူများထံသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
 
NCA တွင် လက်မှတ်ရေးထိုထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြသည်။
 
Photo – Network Media Group
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment