စမုံမြစ်ရေတိုက်စားမှုကြောင့် ပေါ်ထွက်လာသော အုတ်ရိုးတန်းမှာ အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ဦးကြားမှ သာသနိကအဆောက်အအုံ ပန္နက်ပုံစံဖြစ်နိုင်ဟု ဆို

စမုံမြစ်ရေ တိုက်စားမှုကြောင့် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နဘဲကုန်းကျေးရွာအနီးတွင် ပေါ်ထွက် လာသော အုတ်ရိုးတန်း၏ ထုထည်ပုံစံမှာ ပျူခေတ်အုတ်ချပ်အရွယ် မဟုတ်သောကြောင့် အင်းဝ ခေတ်နှင့် ကုန်းဘောင်ခေတ်ဦးကြားမှ သာသနိက အဆောက်အအုံ ပန္နက်ပုံစံဖြစ်နိုင်သည်ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ)ထံက သိရသည်။
 
''သွားရောက် လေ့လာတဲ့အခါ အုတ်ချပ်အရွယ်တွေက စေတီအပေါ် ပိုင်းမှာ အသုံးပြုတဲ့ ဂုံးပုံသဏ္ဌန်ဖော် သပ်အုတ်တွေ တွေ့ရတယ်။ အဲဒီ သပ်အုတ်တွေနဲ့ အောက်ခြေပန္နက်ပုံဖော် အုတ်ချပ်အရွယ်တွေက ပျူခေတ် အုတ်ချပ်အရွယ် မတွေ့ရဘူး။ ခန့်မှန်းတာ က အင်းဝခေတ်ကာလနဲ့ ကုန်းဘောင် ခေတ်ဦးထိ အသုံးပြုခဲ့တဲ့ အုတ်ချပ် အရွယ် အများဆုံးတွေ့ရ လို့ အင်းဝခေတ် နဲ့ ကုန်းဘောင်ခေတ်ဦးကြား သာသနိက အဆောက် အအုံပုံစံ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်'' ဟု ယင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
 
စမုံမြစ်ရေတိုက်စားပြီး ကမ်းပြိုရာမှ ကမ်းပါးနံရံများတွင် အရိုးစုများကို စတင်တွေ့ရှိကာ အရိုးစုများအောက်၌ အုတ်ရိုးများ တွေ့ရကြောင်း၊ ယင်းအုတ်ချပ်များမှာ အလျား ၁ ပေ x အနံ ၈ လက်မခန့် စတုဂံပုံနှင့် အချွန်းပုံများ တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
 
''စမုံမြစ်ရေတိုက်စားလို့ ပေါ်ထွက် လာတဲ့ အုတ်ရိုးတန်းနေရာက အရင်က ရွာဟောင်းကုန်းနေရာဖြစ်ပြီး စမုံမြစ် တောင်ဘက်ခြမ်းက စေတီတစ်ဆူ ပြိုကျ ပျက်စီးခဲ့တာရှိတယ်''ဟု ဒေသခံ နဘဲကုန်းရွာမှ ဦးစံရင်က ပြောသည်။
 
အဆိုပါဒေသတွင်၂ဝ၁၇ ခုနှစ် နိုဝင်ဘာလက ရှေးဟောင်းအုတ်ရိုးများနှင့် အရိုးများတွေ့ရှိခဲ့ရာ ပျူခတ်မြို့ဟောင်း ခံတပ်များ ဖြစ်နိုင်သည်ဟု ခန့်မှန်းမှုများ ရှိခဲ့မှုကြောင့် ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူများက ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်က သွားရောက် စစ်ဆေးခဲ့ပြီးနောက် ယင်းကဲ့သို့ ခန်းမှန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment