အင်းလေး၏ သဘာဝအလှများကို စက်လှေ အစီး ၆၀ ငှားရမ်းရိုက်ကူး ခဲ့ရတဲ့ `လရောင်ဖြာတဲ့ အင်းလေးမှာ´ ရုပ်ရှင်ဇာတ်ကား

အင်းလေးဒေသရဲ့ သဘာဝအလှအပတွေနဲ့ ရိုးရာဓလေ့ပွဲတော်တွေကို ဖော်ကျူးရိုက်ကူးထားတဲ့ လရောင်ဖြာတဲ့ အင်းလေးမှာ ရုပ်ရှင်ဇာတ် ကားကြီးကို ၀ါဝါ၀င်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပြီး ဖောင်တော်ဦး မြတ်စွာဘုရား လှည့်လည် ပူဇော်ပွဲကို ဇာတ်ကားရဲ့ ရှေ့ဆုံးမှာ ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ရိုက်ကူးပုံ ဖော်ဖြစ်ခဲ့တဲ့ အမှတ်တရ အကြောင်းလေးတွေနဲ့ ပတ်သက်လို့ ထပ်ဆင့်အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေက မီဒီယာတွေက တစ်ဆင့် အခုလို ပြောကြားထားတာ ဖြစ်ပါတယ်။
 
"အဓိကက အန်တီဝါကလေ ဖောင်တော်ဦး မြတ်စွာဘုရား လှည့်လည်တဲ့ ပွဲတော်အစစ်ကို ဇာတ်ရဲ့ ထိပ်ဆုံးမှာ ထည့်ရိုက် ဖြစ်ပါတယ်။ ရေထဲမှာ ရိုက်ရတာ ကုန်းပေါ်မှာနဲ့ မတူပါဘူး။ စက်အဖွဲ့တွေလည်း အရမ်းကို ပင်ပမ်းခဲ့ကြပြီး ကြိုးစားရိုက်ကူး ခဲ့ရတာပါ။ ရေထဲမှာ ရိုက်ကူးနိုင်ဖို့ အတွက်လည်း စက်လှေ အစီးပေါင်း ၆၀ ငှားခဲ့ရပါတယ်။ မြတ်စွာဘုရား ဖောင်တော်ကို ဆွဲရတဲ့ လှေတွေက အများကြီးပါပဲ။ ကိုယ့်အဖွဲ့နဲ့ကိုယ် မနက် ၅ နာရီလောက် ကတည်းက စရိုက်ခဲ့ရတာပါ" လို့ ဆိုပါတယ်။
 
သူမဟာ အင်းလေးဒေသရဲ့ သဘာဝ အလှအပတွေကြောင့် အခုချိန်အထိ ရင်ထဲမှာ ကြည်နူးမဆုံး ဖြစ်နေပုံနဲ့ ပတ်သက်လို့လည်း "မြင်ကွင်းကလည်း အန်တီဝါ့ရင်ထဲမှာ အခုထိကို ကိုယ့်ကိုယ်ကို ပြန်ပြီး ကြည်နူးမိပါတယ်။ ရေပြင်ကြီးထဲက အင်းလေးကန်ရဲ့ အလှတွေ၊ ဖောင်တော်ဦးဘုရား ကြွချီပုံတွေ၊ စတင်လှည့်လည် တာကစပြီး ဇာတ်ကလေးဖွင့်တယ်။ အင်းလေးဒေသရဲ့ လှပတဲ့ ရှုမျှော်ခင်းတွေ၊ သူတို့ ဒေသရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူတွေ၊ သီချင်းတွေ အကုန်ပေါင်းစပ် ရိုက်ကူးထားတာ ဖြစ်လို့ ကိုယ်တိုင် ပြန်ကြည့်လိုက်မိတဲ့ အခါမှာလည်း ကြည်နူးမှုလေးဟာ တမူထူးခြားနေတယ်လို့ ခံစားရပါတယ်" လို့ သူမရဲ့ ဇာတ်ကားအပေါ် ကြည်နူးမိပုံကို
ပြောကြားထားပါတယ်။
 
လရောင်ဖြာတဲ့ အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီ မင်းသား၊ မင်းသမီးတွေ ဖြစ်ကြတဲ့ နေတိုး၊ ၀တ်မှုန်ရွှေရည်၊ မေသဉ္ဖာဦး အပြင် သရုပ်ဆောင် ၀ါဇင် တို့က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ဇန်န၀ါရီလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
The ladies News
 

 

Vote: 
No votes yet

Add new comment