အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံသည့်အခါ တစ်ဆို့မှုများ မဖြစ်စေရန် အကြိုညှိနှိုင်းနေသည်ဟု ဆို

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုး ဖက်ဒရယ်ကောင်စီ (UNFC) မှ ထိပ်သီးခေါင်း ဆောင်များ တွေ့ဆုံသည့် နေရာတွင် တစ်ဆို့မှုများ မဖြစ်စေရန် အကြိုညှိနှိုင်းနေကြသည်ဟု UNFC မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က The Ladies News သို့ ပြောကြားသည်။
 
ဒီဇင်ဘာလ ၁၀ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် UNFC မှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံရန် အစိုးရထံသို့ စာရေးသား တောင်းဆိုသည်။ ထိုသို့ နှစ်ဖက်ခေါင်းဆောင်းများ တွေ့ဆုံနိုင်ရေးအတွက် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ အကြိုညှိနှိုင်းမှုများ ဆောင်ရွက်နေ သည်ဟု ၄င်းက ပြောကြားသည်။
 
`နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံမှုဖြစ်နိင်ရေး ကိစ္စအတွက်တော့ DPN နဲ့ PC အဖွဲ့မှာတော့ ကြိုတင်ညှိနှိုင်း မှုတွေတော့ လုပ်ထားတုန်းပဲ ဖြစ်တယ်။ လုပ်တော့ လုပ်နေကြတယ်။ ဒါပေမယ့် ဒီကာလက ခရစ်ယာန်တွေရဲ့ အားလပ်ရက် ကာလ ဖြစ်နေတော့ ရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင်နေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ ကျွန်တော်တို့ ပြောနိုင်တာကတော့ DPN နဲ့ PC ကြားမှာ အကြိုညှိနှိုင်းမှုတွေတော့ ပြင်ဆင်နေတာတွေ ရှိပါတယ်` ဟု ဦးထွန်းဇော်က ပြောကြားသည်။
 
လတ်တလော အခြေအနေတွင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေးသည် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် DPN တို့၏ အကြိုညှိနှိုင်းမှုပေါ်တွင် မူတည်ကြောင်း၊ ယခုအတောအတွင်းမှာလည်း ညှိနိုင်မှုများ ပြုလုပ်ရန် ရှိနေသည်ဟု ၄င်းက ပြောကြားသည်။
 
`DPN နဲ့ PC အဆင့်မှာ တစ်ဆို့နေတဲ့ အချက်တွေကို ကျွန်တော်တို့က လူကြီးအဆင့်မှာလည်း တစ်ဆို့မှုကို မဖြစ်စေလိုဘူး ပေါ့ဗျာ။ ကျွန်တော်တို့က ပြေလည်မှုကို ရစေချင်တယ်။ အဲဒီပြေလည်မှု ဖြစ်စေဖို့ အတွက်ကတော့ အထူးသဖြင့် အစိုးရဘက်ကနေ ပြီးတော့ အဲလိုမျိုး လိုလားတယ်ဆိုရင် သူတို့ရဲ့ မူဝါဒပိုင်းဆိုင်ရာ တွေ ကျွန်တော်တို့ ဘက်ကလည်း အဲဒီအပိုင်းတွေကို ပြန်ညှိတာရှိပါတယ်` ဟု ဦထွန်းဇော်က ပြောကြားသည်။
 
NCA တွင် လက်မှတ်ရေးထိုးနိုင်ရန် အတွက် UNFC ၏ အဆိုပြုချက် ၈ ချက်ကို ဆွေးနွေးနေသော အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) တို့၏ ၉ ကြိမ်မြောက် အစည်းအဝေး မှာတော့ တစ်ဆို့မှုများ ဖြစ်ကာ အစည်းအဝေးကို ရပ်ဆိုင်း ခဲ့ရသည်။
 
UNFC ဘက်မှ ဖက်ဒရယ် ဒီမိုကရေစီဟု သုံးနှုန်းလိုပြီး အစိုးရဘက်မှ ဒီမိုကရေစီဖက်ဒရယ်ဟု သုံးနှုန်း လိုသောကြောင့် ၉ ကြိမ်မြောက် အစည်းအဝေး တစ်ဆို့ခဲ့ရခဲ့ခြင်းလည်း ဖြစ်သည်။ ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံသည့်အခါ ယင်းသဘောထား ကွဲလွဲမှုသည် ၄င်းတို့၏ အပေးအယူ အလျှာ့အတင်းများ ပေါ်တွင် မူတည်သည်ဟု UNFC မှ ဗဟို အလုပ်အမှူဆောင် ကော်မတီဝင် တစ်ဦးဖြစ်သည့် နိုင်အောင်မငေးက ပြောကြားသည်။
 
အစိုးရနှင့် UNFC တို့ NCA တွင် လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဆွေးနွေးနေကြသည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment