စတီဖင် ဟော့ကင်၏ ပါရဂူဘွဲ့ကျမ်းပြုစာတမ်းကို ဒေါင်းလုဒ်ဆွဲယူ ကြည့်ရှုသူများပြားမှုကြောင့် ဝက်ဘ်ဆိုက် ဝန်ဆောင်မှု ရပ်ဆိုင်းသွား

နာမည်ကျော် ဗြိတိသျှသိပ္ပံပညာရှင်ကြီး စတီဖင် ဟော့ကင်၏ ပါရဂူဘွဲ့ ကျမ်းပြုစာတမ်းကို ပထမဆုံး အကြိမ်အဖြစ် အများပြည်သူတို့က Web Page တွင် ဖတ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ Open Access Week ကို ဂုဏ်ပြုသည့်အနေဖြင့် ကမ်းဘရေ့ဂ်ျ တက္ကသိုလ်က တနင်္လာ နေ့တွင် ၁၉၆၆ ခုနှစ်တွင် တင်ခဲ့သည့် ပါရဂူဘွဲ့ ကျမ်းပြု စာတမ်းဖြစ်သော "Properties of Expanding Universes" (စကြာဝဠာများ ကျယ်ပြန့် လာခြင်း၏ ဂုဏ်သတ္တိများ) ကို ဖတ်ရှုကြည့်ရှုနိုင်ရန် ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။ ယင်းကဲ့သို့ လွှင့်တင်ပြီးမကြာမီ ယင်းသုတေသနစာတမ်းကို ကြည့်ရှုရန် တောင်းခံမှုများ ပြားလွန်းသည့်အတွက် ဝက်ဘ်ဆိုက် ရပ်ဆိုင်းသည်အထိ ဖြစ်ခဲ့ရသည်။
 
တနင်္လာနေ့ နေ့လယ်ပိုင်းတွင် မိနစ်ပေါင်းများစွာ ကြာပြီးနောက် ယင်း သုတေသန အဓိကစာမျက်နှာကို ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်သော်လည်း ယင်းစာမျက်နှာတွင် မည်သည့် စာတမ်းမျှမရှိတော့ပေ။
 
ပြောခွင့်ရပုဂ္ဂိုလ် စတူးရပ် ရောဘတ်က "ပါမောက္ခဟော့ကင်းရဲ့ ဆုံးဖြတ် ချက်အတိုင်း သူ့ရဲ့ ပါရဂူကျမ်းပြု စာတမ်းကို အများပြည်သူ ကြည့်ရှုနိုင်ရန် ဒေါင်းလုဒ်ဆွဲ ရယူခြင်းကို နှစ်ဆယ့်လေးနာရီ အတွင်း အကြိမ်ရေ ၆ သောင်းသာ ထားဖို့ ဆုံးဖြတ်ချက်ကို တုန့်ပြန်မှု တော်တော်များများနဲ့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်၊ ရလာဒ်ကတော့ ကျွန်တော်တို့ရဲ့ Open Access ဆိုက်ကို ကြည့်ရှုသူတွေဟာ ပုံမှန်ထက် လုပ်ဆောင်မှု နှေးကွေး တာနဲ့ ယာယီ အသုံးမပြုနိုင်တာ တွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။
 
အဆိုပါ ကျမ်းပြုစာတမ်းသည် စကြာဝဠာကြီး ကျယ်ပြန့်လာမှု၏ အကျိုးဆက်နှင့် သက်ရောက်မှုများကို လေ့လာဆန်းစစ် ဖော်ပြထားသည်။ အစောပိုင်း ထုတ်ပြန်ချက်တစ်ခုတွင် ကိန်းဘရေ့ဂ်ျတက္ကသိုလ်က ကမ္ဘာ့အသိအမှတ်ပြု ခံရဆုံး သိပ္ပံပညာရှင်တစ်ဦး၏ မှတ်တမ်းမှတ်ရာ စာရင်းတွင် တောင်းဆိုမှု အများဆုံး ဖြစ်လာခဲ့ကြောင်း ဖော်ပြခဲ့သည်။
 
ဝက်ဘ်ဆိုက်ရပ်ဆိုင်းမှု မဖြစ်မီ ဟော့ကင်းက "ကျွန်တော့်ရဲ့ ကျမ်းပြုစာတမ်းကို စိတ်ဝင်တစား ဒေါင်းလုဒ်ဆွဲယူ ခဲ့ကြတဲ့ လူတော်တော်များများ ရှိတယ်လို့ ကြားရတဲ့အတွက် ဝမ်းမြောက်ရပါတယ်၊ နောက်ဆုံးမှာတော့ အဲဒါကို ရယူကြည့်ရှု နိုင်ကြပြီဆိုတော့ သူတို့တွေ အခုဆို စိတ်မပျက်ကြတော့ဘူးလို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။
 
ဘာသာပြန်ဆိုသူ - ဝေနိုင်
The Ladies News

 

Vote: 
No votes yet

Add new comment