၂၀၁၉ ခုနှစ်မှ စ၍ တိုင်းနှင့်ပြည်နယ် ဘောလုံးအားကစားပွဲများကို ရန်ကုန်မြို့တွင် ကျင်းပရန် ဆောင်ရွက်မည်

လာမည့် ၂၀၁၉ ခုနှစ်မှ စတင်ကာ တိုင်းနှင့်ပြည်နယ် ဘောလုံးအားကစားပွဲများကို ရန်ကုန်မြို့တွင် ကျင်းပရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားသည်။
 
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်း မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးရွှေလှ(ခ) ဦးရွှေလှဝင်း မေးမြန်းသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် ဘောလုံးပြိုင်များကို ရန်ကုန်မြို့တွင် နှစ်စဉ်ပြန်လည် ကျင်းပရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအား ဖြေကြားရာတွင် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
 
“ကျွန်တော့်အနေနဲ့ ၂၀၁၈ ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်ငွေ လျာထားတောင်းခံ မည်ဖြစ်ပြီး ဘတ်ဂျက် ရမယ်ဆိုရင်တော့ ၂၀၁၉ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့နဲ့ပေါင်းစပ် ညှိနှိုင်းပြီးတော့ တိုင်းနဲ့ပြည်နယ် ဘောလုံးအားကစား ပွဲများကို ရန်ကုန်မြို့မှာကျင်းပဖို့ လုပ်မှာဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ထို့အတူ နှစ် ၃၀ စာချုပ်ဖြင့် ဌားရမ်းထားသည့် အောင်ဆန်းကွင်း ကိုလည်း အစိုးရအဖွဲ့ထံ တင်ပြပြီး တစ်ဆင့် ပြန်လည်ရယူကာ ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း ၎င်းကဆိုသည်။
 
“ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နဲ့ တွေ့ပြီးတော့ ဒါကြီး (အောင်ဆန်းကွင်း)ကို နှစ် ၃၀ စာချုပ်နဲ့ ငှားရမ်းထားတာ ဖြစ်ပါတယ် ဒါကို ကျွန်တော်တို့ ပြန်ယူပါမယ်။ အစိုးရအဖွဲ့ကို တင်ပြပြီး တစ်ဆင့်ပြန်ယူပါမယ် ယူပြီး ပြင်ဆင်မှာပါ။ ပြင်ဆင်မှသာ အောင်ဆန်းကွင်းမှာ ကစားလို့ ရမှာဖြစ်ပါတယ်” ဟုလည်း ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။
 
ရန်ကုန်မြို့တွင် ဘောလုံးအားကစားပွဲများ ကျင်းပရန်အတွက် လိုအပ်သည့် အားကစားသမားများ တည်းခိုမည့်နေရာ လေ့ကျင့်မည့် ကွင်းများကိုလည်း တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်းပြောကြားခဲ့သည်။
 
ဇော်မင်းထွန်း
The Ladies News

 

Vote: 
No votes yet

Add new comment