နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ်တွင် သြဂုတ်လမှ စတင်ကာ ပညာရေးဝန်ထမ်းများ မရှိသောကြောင့် ကျောင်းပိတ်ထားရ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ နယ်အတွင်းမှ မူလတန်းလွန်ကျောင်း တစ်ကျောင်းမှာ သြဂုတ်လ ၈ ရက်မှ စတင်ကာ ပညာရေး ၀န်ထမ်းများ မရှိသောကြောင့် ယခုအချိန်ထိ ကျောင်း ပိတ်ထားရကြောင်း နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်က The Ladies News သို့ ပြောကြားသည်။
 
သြဂုတ်လ ၈ ရက်မှ စတင်ကာ အဆိုပါ မူလတန်းလွန်ကျောင်းမှ ပြောင်းရွှေ့သွားသော ပညာရေးဝန်ထမ်းများ နေရာတွင် ထပ်မံ အစားထိုး ခန့်ထားနိုင်ခြင်း မရှိသောကြောင်း ကျောင်း ပိတ်ထားရခြင်းဖြစ်ပြီး ပညာသင်ကြား နေသော ကျောင်းသားဦးရေ ၁၃၀ ကျော် ရှိသည်ဟု ၄င်းကပြောကြားသည်။
 
`လုံးဝပိတ်ထားတာက ကျောင်းတစ်ကျောင်း ရှိတယ်။ မူလတန်းလွန် ကျောင်းပါ။ ဒီနှစ်မှ အဆင့်တိုးထားတာပါ။ ကျောင်းပိတ်တယ် ဆိုတာကတော့ ပထမတာဝန်ကျတဲ့ ၀န်ထမ်းတွေက အပြောင်းအရွှေ့ ကျတဲ့ အခါကျတော့ အဲဒီနေရာမှာ အစားထိုး မလာနိုင်တဲ့ အတွက် ကြောင့်မိုလို့ ကျောင်းက ပိတ်ထားတဲ့ သဘောဖြစ်သွားတာ။ လွန်ခဲ့တဲ့ သြဂုတ်လ ၈ ရက်ကနေ စပိတ်သွားတာ။ ပိတ်သွားတယ်ဆိုတာက အဲဒီကျောင်းက ပညာရေး ၀န်ထမ်းတွေက အဲဒီနေ့ ပြောင်းသွားတာ၊ ပြောင်းသွားတဲ့ နေ့ ကစပြီ ကျောင်းပိတ်သွားတဲ့ သဘောဖြစ်သွားတာ။ ဒီနေ့ အထိပါပဲ` ဟု ဦးစိမ်းမောင်က ပြောကြားသည်။
 
လတ်တလော အခြေအနေတွင် လုံးဝပိတ်ထားသည့် ကျောင်းမှာ အထက်ဖော်ပြပါ ကျောင်း တစ်ကျောင်းသာ ရှိသော်လည်း ကျန်သည့် ကျောင်းတွင်လည်း ပညာရေး ၀န်းထမ်း လုံလောက်မှု မရှိပေ။ တချို့ကျောင်းများဆိုလျှင် ပညာရေးဝန်ထမ်း တစ်ဦးသာရှိသည်ဟု ၄င်းက ပြောကြားသည်။
 
`လုံးဝပိတ်ထားတာက အဲဒီကျောင်း တစ်ကျောင်းပဲ ရှိတယ်။ ကျန်တဲ့ကျောင်းတွေကတော့ အထူးသဖြင့် ကျောင်း တစ်ကျောင်းမှာ ပညာရေးဝန်ထမ်း တစ်ယောက်ပဲရှိတဲ့ ကျောင်းတွေလည်း ရှိတယ်။ အဲဒါတွေက ကျောင်းကတော့ ဖွင့်ထားပါတယ်။ ဒါပေမယ့် စာသင်ပေးဖို့ အခက်အခဲ အများကြီးရှိတယ်` ဟု ဦစိမ်းမောင်က ပြောကြားသည်။
 
မြို့နယ် ပညာရေးမှူးရုံးတွင် ၀န်းထမ်း စေလွှတ်ခန့်ထားရန် အခက်အခဲ ရှိသည့်အတွက် ယင်းကိစ္စကို တိုင်းအဆင့်နှင့် ဆက်လက် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားမည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။
 
`ကျွန်တော်တို့က ဒီကိစ္စတွေကို မြို့နယ်အတွင်းမှာပဲ ပြေလည်အောင် ဖြေရှင်းချင်ခဲ့တာပါ။ အဲဒါကြောင့်လည်း အချိန်က အများကြီး ကြာသွား တယ်။ မြို့နယ်ပညာရေးမှူးရုံး ကလည်း သူတို့မှာလည်း ၀န်းထမ်းမရှိတဲ့ အခါကျတော့ ၀န်ထမ်းစေလွှတ်ဖို့ အခက်အခဲရှိတာလည်း ပါနိုင်တယ်။ သူတို့ကလည်း ဘာမှ လုပ်ပေးနိုင်စွမ်း မရှိတဲ့အခါကျတော့၊ နာဂ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ပညာရေးမှူးရုံးကို အကြောင်းကြားတယ်။ သူတို့ ကလည်း ဒီဟာကို ဆောင်ရွက်တာ လက်ရှိ အခြေအနေမှာ အဆင် မပြေသေးဘူး။ အဲ့တော့ ကျွန်တော်တို့က ဆက်ပြီး တိုင်းအဆင့်နဲ့ ညှိနှိုင်းဆွေးနွေးမှာပါ` ဟု ၄င်းကပြောကြားသည်။
 
နန်းယွန်းမြို့နယ်တွင် မူလတန်းမှ အထက်တန်း အဆင့်အထိ စာသင် ကျောင်းပေါင်း ၁၁၇ ကျောင်းရှိသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
Average: 3 (1 vote)

Add new comment