မောင်တောခရိုင်တွင် ဆရာ၊ဆရာမများ မိမိတာဝန်ကျရာ နေရာများသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် ပြည်နယ်ပညာရေးမှူးရုံးက အမိန့်ညွန်ကြားချက် ထုတ်ပြန်

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ခရိုင်အတွင်း ဆရာ၊ ဆရာမများ မိမိတာဝန်ကျရာ နေရာများသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် ပြည်နယ် ပညာရေးမှူးရုံးက အမိန့်ညွန်ကြားချက် တစ်စောင်အား ယနေ့ (စက်တင် ဘာ ၁၂ ရက်) နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
 
အဆိုပါညွန်ကြားချက်တွင် ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့မှစတင်ကာ ARSA အကြမ်းဖက်သမားများမှ မောင်တောခရိုင်၊ ရသေ့တောင်မြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်ခဲ့သည့်အတွက် ပညာရေးဌာနမှ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် မိမိတာဝန်ကျရာ ဒေသများမှ စွန့်ခွာကာ နေရပ် အသီးသီးသို့ ခေတ္တ တိမ်းရှောင်နေရခြင်းများ ရှိကြောင်းဆိုသည်။
 
ယခုအခါတွင် မောင်တောဒေသ လုံခြုံရေးအား ထိန်းချုပ်လာနိုင်ပြီ ဖြစ်သည့် အတွက် ခေတ္တ တိမ်းရှောင်နေကြသည့် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် များရှိ အခြေခံပညာ ကျောင်းရုံးများမှ အရာထမ်းများ၊ ဆရာ/ဆရာမများနှင့် ၀န်ထမ်းများ အားလုံးသည် ၂၀၁၇ စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထားပြီး မိမိတို့ တာဝန်ကျရာ ကျောင်း/ရုံး အသီးသီးသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် နှင့် လိုက်နာပျက်ကွက်ပါက ၀န်ထမ်း စည်းမျဉ်းစည်းကမ်နှင့် အညီ အရေးယူ ဆောင်ရွက်မည်ဟုဆိုကာ အမိန့်ကြေညာချက် တစ်စောင် ထုတ်ပြန်ထားသည်။
 
ယင်းသို့ မောင်တောခရိုင်အတွင်း ကျောင်းများတွင် တာဝန်ထမ်းဆောင်ရမည့် ကိစ္စနှင့် ပတ်သက်ပြီး သတင်းကြားရသည့် အတွက် ဆရာ၊ဆရာမ များအနေဖြင့် စိုးရိမ်ကြောင့်ကျမှုများ ဖြစ်ပေါ်ကြောင်း မောင်တော ဒေသတွင် တိုင်းရင်းသားရွာ နည်းပြီး ဘင်္ဂလီရွာများ များသည့်အတွက် အကြမ်းဖက်မှု ဖြစ်စဉ်အရှိုန်ကြောင့် ရန်ငြိုးရန်စများ ရှိနိုင်သည့်အတွက် ဆရာ၊ဆရာမ များအနေဖြင့် လုံခြုံရေး စိုးရိမ်မကင်း ဖြစ်ကြောင်း ပြောသည်။
 
ရန်အောင်ပြင် ကျေးရွာ ကျောင်းအုပ် ဦးအောင်ကျော်မိုးက “အဲ့ဒီမှာ ၀န်ထမ်းတွေ တော်တော် စိတ်ညစ်ကုန်ကျတယ်။ မသွားရင်လည်း သူတို့က ဒဏ်ရိုက်မယ် ဘာမယ်ပြောတော့ ဖေ့စ်ဘွတ်တွေမှာလဲ ဖောင်းပွနေတယ်။ အတတ်နိုင် ဆုံးတော့ ဆရာတွေကို ဒီတလ လောက်တော့ ထားသင့်တယ်။ အော်ဒါပါတာက မိမိတာဝန်ကျတဲ့ ကျောင်းကို သွားရမယ်ပြောတယ်။ မောင်တောမှာက အကုန်လုံးက ဘင်္ဂလီရွာတွေချည်းပဲ။ တိုင်းရင်းသား ရွာဆိုတာက နည်းနည်းလေးရယ်။ အဲ့ဒီတော့ သွားရင် ဘင်္ဂလီရွာတွေ ဖြတ်သွားရမှာဆိုတော့ ခက်ခဲတယ်။ သွားလို့ရှိရင် နေတဲ့ ထိုင်တဲ့အခါ ရန်ငြိုးရန်စကလည်း သူတို့ပြောတာတော့ အေးသွားပြီ ဆိုပေမယ့် ကြောင့်ကျနေရတာလေ။ နေရမယ့် သူတွေကို ကျွန်တော်တို့ ဆရာတွေပဲ ဆင်းရမှာလေ”ဟု ပြောသည်။
 
အမှန်တကယ် တာဝန်ထမ်းဆောင်ပါက တာဝန်ကျရာ ဒေသများဖြစ်သည့် တိုင်းရင်းသား ရွာများတွင် လုံခြုံရေး အားနည်းခြင်းများ ရှိသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဆရာ၊ဆရာမ များအား လုံခြုံရေး အပြည့်အ၀ ပေးနိုင်မှာသာ တာဝန်ကျရာ ရွာများသို့ သွားရောက် တာဝန်ထမ်းဆောင် စေလိုကြောင်း ပြောကြသည်။
 
မင်းခမောက်ရွာတွင် တာဝန်ကျသည့် ဆရာ စောမင်းနောင်က “အခုထိတော့ စာတွေ မရောက်သေးပါဘူး။ ခုနကမှ အင်တာနက်က သိရတာ။ ကျွန်တော်တာဝန်ကျတဲ့ နေရာသွားမယ်ဆိုရင် လုံခြုံရေး အပြည့်အ၀ပေးမှ သွားမယ်ဆိုရင် အဆင်ပြေမှာပါ။ လုံခြုံရေးမပေးရင် ကျွန်တော်တို့မှာ အခက်အခဲရှိတာပေါ့။ အဲ့ဒီမှာက ရွာသားတွေ အကုန်လုံးက ပြောင်းသွားကြပြီ ဆိုတော့”ဟု ပြောသည်။
 
ယင်းကိစ္စနှင့် ပတ်သက်ပြီး မြို့နယ် ပညာရေးမှူးက မောင်တောမြို့နယ် အနီးဝန်းကျင်ရှိ လုံခြုံစိတ်ချရသည့် နေရာများရှိ လိုအပ်သည့် နေရာများတွင်သာ တာဝန်ထမ်းဆောင်စေရန်နှင့် စာရင်းဇယားများ လုပ်ဆောင်ရန် အတွက်သာ ဖြစ်ကြောင်း ဆိုသည်။ အန္တရာယ်ရှိသည့် နယ်စွန်နယ်ဖျားသို့ သွားရောက် တာဝန်ထမ်းဆောင် ခိုင်းမည် မဟုတ်ကြောင်း အမိန့်ညွန်ကြားချက်ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားသည်။
 
မောင်တောမြို့နယ် ပညာရေးမှူးက “မောင်တောမြို့နယ်ကို ခေါ်ပြီးတော့ ဒီမှာ လိုအပ်တဲ့ကျောင်းတွေကို တာဝန်ပေးမှာပေါ့။ နယ်စွန်နယ်ဖျားကို ဘယ်လွှတ်မလဲ။ မြို့နယ်ရုံးကနေ သင့်တော်တဲ့ ကျောင်းတွေမှာ ကျောင်းဖွင့်မယ် သင့်တော်တဲ့ တာဝန်ပေးမှာပေါ့။ နယ်စွန်နယ်ဖျားတွေကို သွားပြီး တာဝန်ထမ်းဆောင်ဖို့ ခေါ်တာမဟုတ်ပါဘူး။ တာဝန်ကျတဲ့ မြို့ကို ခေါ်ပြီး အဲ့ဒီမှာ စာရင်းဇယားတွေ လုပ်ဖို့ ဒီမှာလိုအပ်တဲ့ ကျောင်းတွေကို တာဝန်ပေးဖို့ အဲ့ဒီကို ခေါ်တာပါ”ဟု ပြောသည်။
 
အလားတူပင် အကြမ်းဖက်မှုများကြောင့် ပိတ်ထားရသည့် ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းပေါင်း ၂၀ ကို ၃ ရက်အတွင်း ပြန်လည် ဖွင့်ရန်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
 
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment