အားကစားကွင်း မျက်နှာစာဆိုင်ခန်းများ နောင်ချုပ်ဆိုမည့် ဆိုင်ခန်းငှား ရမ်း စာချုပ်တွင် အရက်၊ ဘီယာဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း မပြုရန် အချက်အား ထည့်သွင်းချုပ်ဆိုနိုင်ရေး ညှိနှိုင်းတင်ပြ ဆောင်ရွက်သွားမည်

စဥ့်ကိုင်မြို့နယ် အားကစားကွင်း မျက်နှာစာဆိုင်ခန်းများ နောင်ချုပ်ဆိုမည့် ဆိုင်ခန်းငှားရမ်း စာချုပ်တွင် အရက်၊ ဘီယာဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း မပြုရန်အချက်အား ထည့်သွင်း ချုပ်ဆိုနိုင်ရေး ညှိနှိုင်းတင်ပြ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာမြင့်ထွေး က သြဂုတ် ၂၉ ရက်တွင် ပြောသည်။
 
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စဥ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင် က စဥ့်ကိုင်မြို့နယ်၊ မြို့နယ် အားကစားကွင်း မျက်နှာစာရှိဆိုင်ခန်း များကို ခေတ်ကာလနှင့်အညီ ဆိုင်ခန်းငှားရမ်းခများ ရရှိစေရေးနှင့် အားကစား ကွင်းနှင့် မလျော်ကန်သည့် အရက်၊ ဘီယာဆိုင် များ ဖွင့်လှစ်ရောင်းချနေမှုကို မည်သို့ စီမံ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။
 
မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ (၂၆.၆.၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ စဥ့်ကိုင်မြို့နယ် အားကစားကွင်း မျက်နှာစာရှိ ဆိုင်ခန်း (၃) ခန်းတွင် ယစ်မျိုးလိုင်စင် ရောင်းချခွင့်ဖြင့် အရက်၊ ဘီယာများရောင်းချလျက် ရှိသည် ကို တွေ့ရှိရကြောင်းလည်း ၎င်းကဆိုသည်။
 
ထို့အတူ ဆိုင်ခန်းခတိုးမြှင့် ကောက်ခံရေးသည် စာချုပ်အသစ် ပြန်လည် ချုပ်ဆိုသည့် အချိန်မှသာ ဆိုင်ခန်းခတိုးမြှင့် ကောက်ခံနိုင်မည်ဖြစ် သော်လည်း စာချုပ်သက်တမ်း မပြည့်မီ သင့်မြတ်သော နှုန်းထားဖြင့် ဆိုင်ခန်းငှားရမ်းခ ထပ်မံတိုးမြှင့် ကောက်ခံနိုင်ရေး အတွက် စာချုပ်ပြောင်းလဲ ချုပ်ဆိုနိုင်ရေး ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆက်လက်ပြောကြားခဲ့သည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
No votes yet

Add new comment