တားမြစ်ဓာတုပစ္စည်းပါဝင်သည့် အလှကုန်များ ရောင်းချဖြန့်ဖြူးပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မဖြင့် အရေးယူမည်

အဆိပ်သင့် ဓာတုပစ္စည်းများ ပါဝင်သည့် အလှကုန်များ ရောင်းချဖြန့်ဖြူး ပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃ ၊ အပိုဒ် ( ၃ ) (ဃ) အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနထံက သိရသည်။
 
ပြည်သူများအနေဖြင့် အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ(ပြဒါး)ပါဝင်သည့် အလှကုန်များ အသုံးပြုခြင်းဖြင့် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှင်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
 
ထိုသို့ တားမြစ်ဓာတုပစ္စည်းများ ပါဝင်သင့် အလှကုန်များကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များကို အရေးယူမှုများလုပ်ဆောင် သွားမည်ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင်ခြင်းမရှိသည့် ပစ္စည်းများ ရောင်းချခြင်းမပြုရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းသော အလှကုန်ပစ္စည်းများ အများပြည်သူ သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၌ ရောင်းချသည့် အလှကုန်ပစ္စည်း များ အား စစ်ဆေးရာ တားမြစ်ဓာတုပစ္စည်း (မာကျူရီ) ပါဝင်သည့် အလှကုန် သုံးမျိုးကို တွေ့ရှိသဖြင့် ပြည်သူလူထု သိရှိနိုင်ရန် အသိပေးကြေညာချက် တစ်ရပ် ထုတ်ထားသည်ကို တွေ့ရသည်။ ယင်း အလှကုန်ပစ္စည်းတို့မှာ မလေးရှားနိုင်ငံမှ ထုတ်လုပ်သည့် Itemulawak Day & Night Cream ၊ ထိုင်းဘာသာဖြင့် ဖော်ပြထားသည့် MEYYONG Seaweed Extra Whitening & Face Lift နှင့် တရုတ်ကုမ္ပဏီထုတ် ANGKOR Cucumber Nano Whitening and Anti Wrinkle Package (day cream + night cream) တို့ဖြစ်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment