လေးလောင်းပြိုင် လူသတ်မှုကို ပြန်စိစစ်ပေးရန် တောင်းဆိုထားပြီး တာဝန်ရှိသူများ၏တုံ့ပြန်မှုကို မိသားစုဝင်များ စောင့်ဆိုင်းနေဟုဆို

လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များက ယင်းအမူကို မှန်မှန်ကန်ကန် ပြန်လည်စိစစ်ပေးဖို့ ကျန်ရစ်သူ မိသားစုဝင်က တောင်းဆိုထားပြီး တာဝန်ရှိသူများက မည်သို့တုံ့ပြန်မည်ကို စောင့်ဆိုင်းနေကြောင်း သေဆုံးသူ ကိုစိုးနောင်၏ အစ်ကိုဖြစ်သူ ရွှေကြီးဖြူဆရာတော် ဦးဝိစာရက ဇူလိုင် ၄ ရက်တွင် The Ladies သို့ မိန့်ကြားသည်။
 
“အခုသူတို့ဆီက သတင်းနားထောင်နေတာ သူတို့ ဘာတွေ အကြောင်းကြားမလဲဆိုတာ နှစ်ရက်သုံးရက်လောက် စောင့်ကြည့်ဦးမယ်၊ ပြီးတော့မှ ဆက်လုပ်သင့်တဲ့ အရာတွေကို ဆက်လုပ်သွားမယ်၊ ကိုယ်က တောင်းဆိုထားတာ သူတို့ဘက်က ဘယ်လိုလုပ်ပေးမလဲ ပေါ့” ဟု ဆရာတော် ဦးဝိစာရက မိန့်ကြားသည်။
 
ထုတ်ပြန်ချက်ထဲတွင် သေဆုံးသူသည် ဘယ်သန်ဟု ဆိုထားခြင်းမှာ မှားယွင်းနေကြောင်း၊ ထို့အတူ သံသယရှိသူ သုံးဦးကို စုံစမ်းဆဲဟုဆိုကာ ထုတ်ပြန်ထားခဲ့ကာ တစ်ဖက်တွင်လည်း သေဆုံးသူက ပြန်သတ်သည်ဟု ထုတ်ပြန်ထားခြင်းကြောင့် ကွဲလွဲမှုများ ရှိနေကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။
 
“ဒီအမှုကို အမှန်အတိုင်းလေး ဖြစ်စေချင်တာပေါ့။ အခု သူတို့တင်ထားတဲ့ ဥစ္စာတွေက လွဲမှားချက်ကြီးတွေက ထင်ထင်ရှားရှားကြီးတွေ ဖြစ်နေ တယ်လေ။ အဲ့ဒါတွေကို သူတို့ဘက်က မဟုတ်ပါဘူး ဆိုရင်တော့ အခုသူတို့စစ်ထားတဲ့ DNA စစ်ချက်တွေကို အကောင်အထည်နဲ့တကွ သေချာပြန်ပြ စေချင်တာပေါ့။ ဒါဆို လက်ခံလို့ရတာပေါ့” ဟု ဆရာတော် ဦးဝိစာရကမိန့်ကြားသည်။
 
အဆိုပါ လေးလောင်းပြိုင် အမှုနှင့်ပတ်သက်၍ အပြစ်မဲ့ ပြည်သူ တစ်စုံတစ်ဦးကို ထိခိုက်မည်စိုး၍ အမှုကို အမှန်တကယ် စစ်ဆေးပေးစေ လိုသော်လည်း ဖိအားမပေးလိုကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက The Ladies သို့ ပြောသည်။
 
“ပြန်လည်စစ်ဆေးပေးဖို့ ဆိုတဲ့အပိုင်းမှာ သူတို့ ရဲတပ်ဖွဲ့ဝင်တွေက ဖုံးတယ်ဖိတယ်၊ ဖျောက်ဖျက်ပစ်တယ်၊ ဒါမျိုးတွေပဲ သူတို့ ကျူးလွန်တာ များတယ်။ ပြန်လည် စစ်ဆေးပေးဖို့ဆိုရင် သူတို့ပဲ ပြန်စစ်ရမှာပေါ့။ ဒီလောက် ကြာနေတဲ့အမှု နိုင်ငံကျော်အမှု ပေါ်သင့်ပေါ်ထိုက်တဲ့ အမှုကိုတောင် ဒီလို ရုပ်ပျက်ဆင်းပျက်ကြီး ကြေညာချက် ထုတ်ပြန်တယ် ဆိုတော့ ပြန်ပြီးတော့ ဖိအားပေးတယ်ဆို သွားလုပ်လိုက်ရင် အပြစ်မရှိတဲ့ သူကိုဖမ်းပြီး ၀န်ခံခိုင်းတာတို့ ဘာတို့ ဖြစ်လာနိုင်တယ်။ ဒီအမှုကို ဖိအားပေးပြီး မပေါ်ပေါ်အောင် လုပ်ပါဆို ဖိအားပေးမယ်ဆိုရင် မလိုလား အပ်ပဲ ခံရမယ့်သူတွေ ပေါ်လာမှာကို ကြောက်တယ်”ဟု ဦးအောင်လှိုင်ဝင်း က ပြောသည်။
 
သေဆုံးသည့် မိသားစုဝင်များသည် အကြွေးများနေပြီး ဂမ္ဘီရ စာအုပ်ကို ဖတ် ၍ စိတ်လွတ်သွားသည်ဟု ယူဆ ထားကြောင်း၊ အိမ်ထောင်ဦးစီး ဖြစ်သူသည် သားနှစ်ယောက်နှင့် ဇနီးကို သတ်၍ ကိုယ်ပေါ်တွင် တွေ့ရှိရသော ကန်လန့်ပုံ ဓားထိုးသွင်း ဒဏ်ရာ (၄)ချက်သည်လည်း သေဆုံးသူအနေဖြင့် စိတ်အခြေအနေမှာ ပုံမှန်မဟုတ်သော စိတ်ခံစား မှုမျိုး ဖြစ်ပေါ်ချိန်၌ ကိုယ်ကိုယ် ထိုးသွင်းဒဏ်ရာများဖြင့် သတ်သေ လိုက်ကြောင်း စသည့် အချက်များကို ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
မြန်မာနိင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး လူမူကွန်ရက် စာမျက်နှာများတွင်လည်း ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
No votes yet

Add new comment