NLD အစိုးရ၏ တစ်နှစ်တာ ကာလအတွင်း လွတ်လပ်စွာ ရေးသား ထုတ်ဖော် ပြောဆိုခွင့်နှင့် ပတ်သတ်ပြီး တိုးတက်အောင် ဆောင် ရွက်ပေးနိုင်ခြင်းမရှိဟု Pen Myanmar မှ သုံးသပ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုး၏ တစ်နှစ်တာ ကာလအတွင်း လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်နှင့် ပတ်သတ်ပြီး တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ချင်းမရှိဟု Pen Myanmar မှ သုံးသပ်ကြောင်း ၄င်းအဖွဲ့မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ငြိမ်းက The Ladies News သို့ ပြောကြားသည်။
 
မေလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pen Myanmar ရုံးခန်း၌ ပြုလုပ် ခဲ့သော ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ဧပြီလ အထိ ဒီမိုကရေစီ အရပ်သားအစိုးရ သက်တမ်း တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့် အခြေအနေအား Pen Myanmar နှင့် မိတ်ဖက်အဖွဲ့ အဖွဲ့အစည်း ၁၄ ဖွဲ့၏ အကဲဖြတ် သုံးသပ်ချက် အစီရင်ခံစားကို ကိုးကား၍ ၄င်းက ပြောကြားခဲ့ခြင်းဖြစ် သည်။
 
ထိုသို့ အကဲဖြတ်သုံးသပ်ရာတွင် အညွန်းကိန်း ၆ ခု သတ်မှတ်ထားပြီး တစ်ခုလျှင် အမှတ် ၁၀ မှတ် သတ်မှတ် ထားသည်။ အညွှန်းကိန်းများမှာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များ၊ သတင်းမီဒီယာ
အမှီအခို ကင်းမှုနှင့် လွတ်လပ်မှု၊ ဒစ်ဂျစ်တယ် လွတ်လပ်မှု၊ လွတ်လပ်စွာ စုဝေးခွင့် ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်၊ သတင်းအချက်အလက် ရယူပိုင်ခွင့်၊ လုံခြုံရေးနှင့် အကာအကွယ်ရှိခြင်းတို့ ဖြစ်သည်။
 
`ရှေ့ပိုင်း ၆ လတုန်းက ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ NLD အစိုးရ ၆ လ သက်တမ်းအတွင်း နှိုင်းယှဉ်ပြီးတော့ ထုတ်တာပါ။ အဲဒီတုန်းက အညွှန်းကိန်း ၆ ခုကို တစ်ခုကို ၁၀ မှတ်ပေးတဲ့အခါမှာ အားလုံးပေါင်း ၈ မှတ်ရတယ်။ အခုကတော့ NLD အစိုးရသက်တမ်း တစ်နှစ်ပြည့်မှာ မိတ်ဖက်အဖွဲ့ ၁၄ ဖွဲ့ပါတယ်။ အဲဒါတွေကို ပေါင်းစပ် ညှိနှိုင်းပြီးတော့ ကြေညာချက် ထုတ်တာဖြစ်တယ်။ နောက်ပိုင်း ၆ လမှာတော့ တချို့ ဟာတွေ တိုးတက်မှုရှိတယ်၊ တချို့ ဆုတ်ယုတ်မှုရှိတယ်၊ အားလုံးပေါင်း ပျမ်းမျှတွက် ကြည့်တဲ့အခါကြတော့ ၈ မှတ်ပဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်မှာ ထူးထူးခြားခြား တိုးတက်မှုမရှိဘူး။ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့် အခြအနေကို ထူးခြား တိုးတက်အောင် ပြောင်းလဲလုပ်ပေးနိုင်ခြင်းမရှိဘူး တစ်နှစ်အတွင်းမှာ ကျွန်တော်တို့ အဲလိုသုံးသပ်ချက် ထုတ်ထားတယ်` ဟု ဦးမျိုးမြင့်ငြိမ်းက ပြောကြားသည်။
 
အစိုးရသစ်သက်တမ်း တစ်နှစ်တာ ကာလအတွင်း လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်ကို အကာကွယ်ပေးရန် အတွက် အဓိကကျသော ပြင်ဆင်မှုများ အားရလောက်ဖွယ် မတွေ့ရသေး သည့် အပြင် အချို့ ဧရိယာများတွင် တိုးတက်မှုမရှိကြောင်း တွေ့ရသည့်အတွက် အဖွဲ့အစည်းများ၏ ပေးမှတ်များကို အညွှန်းကိန် တစ်ခုချင်းစီအတွက် ပျမ်းမျှခြင်းယူလိုက်သည့်အခါ စုစုပေါင်း အမှတ် ၆၀ တွင် ၈ မှတ်သာ ရရှိသည်ကို တွေ့ရသည်။ ယင်းသည် ရှေ့ပြေး ၆ လတာ ကာလအစီရင်ခံ စာက ရမှတ်နှင့် တူညီနေကြောင်း တွေ့ရသည်။ ဆယ်စုနှစ်ပေါင်း များစွာ အမြစ်တွယ်နေသည့် ဖိနှိပ်မှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများရှိမည်ကို သဘောပေါက် နားလည် လက်ခံကြသော်လည်း အစိုးရသစ်သည် အချို့နယ်ပယ်များတွင် ပြောင်းလဲမှု ပြုလုပ်ရန် မဆိုထားနှင့် ၄င်းပြောင်း လဲရန် တိကျသော စီမံချက်ချမှတ်ထားခြင်း မရှိသေးသည်ကို မိတ်ဖက် အဖွဲ့အစည်းများက ထောက်ပြကြသည်ဟု Pen Myanmar ၏ ထုတ်ပြန်ချက် ထဲတွင် ဖော်ပြပါရှိသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment