ရန်ကုန်တိုင်းအစိုးရအနေဖြင့် ပြည်သူများကို ကျေးဇူးတင်တောင်းပန်စကား ဆိုသင့်ကြောင်း ဒေါက်တာရန်မျိုးသိမ်း တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် YBS စနစ် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်ကြသည့် ပြည်သူများ ကို ကျေးဇူးတင် တောင်းပန်းစကား ဆိုသင့်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ၎င်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာပေါ် တွင် ဇန်န၀ါရီ ၁၇ ရက်က ရေးသားထားသည်။
 
ဒေါက်တာရန်မျိုးသိမ်းက “ရန်ကုန်တိုင်းဒေသကြီးအစိုးရ နဲ့ YBS အနေနဲ့ ရန်ကုန်ပြည်သူကို တောင်းပန်ရမယ်လို့ မနေ့က ရေးသားတိုက်တွန်းခဲ့ ပါတယ်။ ငြိမ်သက်နေဆဲပါ။ ဒီနေ့မနက်တော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ YBS အနေနဲ့ ရန်ကုန်ပြည်သူကို တောင်းပန်ရမယ့်အပြင်၊ ကျေးဇူး တင်ကြောင်း အလေးအနက် ပြောရမယ်လို့ ထပ်တိုက်တွန်းချင်ပါတယ်။ ဇန်န၀ါရီလ ၁၆ ရက်နေ့ကို ပြန်ပြောင်းသုံးသပ်ရင် ရန်ကုန်ဘတ်စ်ကား၊ YBS နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ရန်ကုန်ပြည်သူလူထုက ကိုယ်ထူကိုယ်ထ၊ ကိုယ့်အသိစိတ်ဓာတ်နဲ့ ၀ိုင်းခဲ့၊ ၀န်းခဲ့ကြတာပါ” ဟု ရေးသားထားသည်။
 
YBS ပြောင်းလဲခြင်းအား ပြည်သူများ ပူးပေါင်း ပါဝင်ကြ သည်မှာ ပြည်သူများသည် ၎င်းတို့ကိုယ်တိုင် မဲပေးရွေးချယ်ခဲ့သည့် အစိုးရ ဖြစ်ခြင်း၊ မထသ ကို နှလုံးနာသည့်အတွက် မထသကို အမြန်ဆုံး ဖျက်သိမ်းစေလိုခြင်း ယင်းအတွက် ပထမဆုံးနေ့တွင် ပြည်သူများက ကိုယ်နည်းကိုယ့်ဟန်ဖြင့် ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် ကိုယ်ထူကိုယ်ထ ပူးပေါင်းပါဝင်ခဲ့သည့် အတွက် ရန်ကုန်ပြည် သူတွေ စေတနာ့ဝန်ထမ်း လုပ်အားပေးများ၊ အလှူရှင်တွေ အားလုံးကို ကျေးဇူးတင်သည့်အကြောင်း တရားဝင်ပြောကြားရန် လိုအပ်ပြီး အခက်အခဲ ကြုံတွေခဲ့ရသည့် ပြည်သူများကို တောင်းပန်စကား ဆိုသင့်ကြောင်း တိုက်တွန်းထားသည်။
 
ဒေါက်တာရန်မျိုးသိမ်းက “ကျွန်တော့်မိတ်ဆွေ တစ်ယောက်ပြောခဲ့သလိုပါပဲ။ မနေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ YBS ဟာ စာမေးပွဲစကား နဲ့ ပြောရင် အောင်မှတ် ၄၀ မရခဲ့ပါဘူး။ အလွန်ဆုံးရခဲ့လှ ၂၅ မှတ်လောက်ပါ။ ဒါပေမယ့် လုပ်အားပေးတွေ၊ စေတနာရှင်တွေ၊ အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အပါအ၀င် ရန်ကုန်ပြည်သူလူထု အများစုကြီးက နောက်ထပ် ၁၅ မှတ် ပေါင်းပေးလိုက်လို့ ပွက်ကာသီကာ အောင်မှတ်ရခဲ့တာလို့ မြင်ပါတယ်။ အဲဒီအခြေအနေမှန်ကို အစိုးရနဲ့ YBS အနေနဲ့ အရှိအတိုင်း မြင်နိုင်ဖို့လိုမယ် ထင်ပါတယ်။ ငါတို့ချည်းဆို အောင်မှတ်မရနိုင်ဘူး။ ပြည်သူက ကူလို့ကယ်လို့ ပွက်ကာသီကာ အောင်မှတ်ရခဲ့တာ၊ နောက်ပိုင်း ငါတို့ချည်း အောင်မှတ်ရဖို့ အတော့်ကို ပြင်ဆင်၊ ကြိုးစားရဦးမယ်။ ငါတို့ ပြင်စရာတွေ ပြောင်းစရာတွေ အများကြီးရှိသေးတယ်လို့ မြင်ဖို့လိုအပ်ဦးမယ်လို့ တိုက်တွန်းချင်ပါတယ်။ အဲဒါမှလည်း လာမည့်ရက်ပိုင်းတွေမှာ ပိုမိုအားကောင်းတဲ့ တိုးတက်မှုတွေ မြင်လာရမယ် ထင်ပါတယ်” ဟု ရေးသားထားသည်။
 
ရန်ကုန်ဘတ်စ်ကား ပြောင်းလဲခြင်းသည့် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် အခြေအနေတစ်ခုကို ပြောင်းလဲခြင်း ဖြစ်သော် လည်း ပြောင်းလဲသည့်စနစ်တွင် ပြည်သူများအတွက် အခက်အခဲ ဖြစ်စေနိုင်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့်ကို အစိုးရအဖွဲ့မှ သတိပြုရန် လိုအပ်ကြောင်း အောက်ခြေ လူတန်းစားများ အတွက် ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်အောင် ဆောင်ရွက်စေ လိုကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက တိုက်တွန်းထားသည်။
 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်နေသူ ဦးညိုအုန်းမြင့်က “ပြောင်းတာလည်း အားပေးတယ်။ ဒါပေမဲ့ လစာနည်း ဝန်ထမ်းတွေကားခ နှစ်ဆ သုံးဆ ကုန်တာကို အလေးထားစေချင်တယ်။ သူတို့အတွက် မစဉ်းစားပေးရင် ဘေးထွက်ဆိုးကျိုးပါ ခေါ်လာသလို ဖြစ်လာနိုင်ပါတယ်။ တစ်နှစ်အတွင်း အပြောင်းအလဲတွေက နင်းပြားတွေကို အဓိကပစ်မှတ် ဖြစ်နေသလားလို့” ဟု ၎င်းကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာတွင် သုံးသပ်ရေးသားထားသည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment