မွေးနေ့ပွဲပျက်စီးစေရန် တားဆီးသည့် ဟင်္သာတမြို့နယ် ဒုအုပ်ချုပ်ရေးမှူးအား ရာထူးတိုး ၃ နှစ်ဆိုင်းငံ့

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၁ နှစ်မြောက်မွေးနေ့ပွဲ ပျက်စီးစေရန် တားဆီးပိတ်ပင်ခဲ့သည့် ဟင်္သာတ မြို့နယ် ဒုအုပ်ချုပ်ရေးမှူးအား ရာထူးတိုး ၃ နှစ်ဆိုင်းငံ့၍ ပြည်နယ်တစ်ခုသို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။
 
ဇွန်လ ၁၉ ရက်တွင် ကျရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက် မွေးနေ့အဖြစ် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများမှ ပြုလုပ်မည့် မွေးနေ့အထိမ်းအမှတ် ထမင်းစားပွဲကို ဟင်္သာတမြို့နယ်၊ ဒုအုပ်ချုပ်ရေးမှူး ဦးအောင်သူဖြိုးမှ ပျက်အောင် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ဦးအောင်သူဖြိုးကို အရေးယူရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့ပြီး ဘိုကလေးမြို့သို့ ပြောင်းရွှေ့ကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖြင့် စစ်ဆေးခဲ့ပြီးနောက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ကြောင်း ပေါ်လွင်သဖြင့် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
 
“စုံစမ်းစစ်ဆေးရေး ခုံအဖွဲ့နဲ့စစ်ပြီး အက်ရှင်လုပ်တဲ့ သဘောပါ။ နောက်ပြီးတော့ လူမှုကွန်ရက်မှာ ပျံ့သွားတာကို မူတည်ပြီး ပြစ်ဒဏ်ပေးတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာတွေ ဖြစ်ပျက်သွားတာတွေကို အစီရင်ခံစာ တင်ပြတော့ အဲ့ဒီအပေါ်မူတည်ပြီး ပြစ်ဒဏ်ပေးတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
 
အဆိုပါ ကိစ္စတွင် တာဝန်ရှိသည့် ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးတို့ကိုလည်း ခေါ်ယူသတိပေးမှုများ ပြုလုပ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
 
ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်၊ ရုံးကြီးရပ်ကွက်တွင် ပြည်သူများကို ထမင်းကျွေးမွေးရန် ပြင်ဆင်ထားသည်ကို ခွင့်ပြုချက်မယူဘဲ အခမ်းအနားကျင်းပသည်ဟုဆိုကာ ဦးအောင်သူဖြိုးက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရုံးစာရေးမအား ခေါ်ယူကြိမ်းမောင်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ခေါ်ယူစေခိုင်းခဲ့သဖြင့် ပွဲပျက်ခဲ့ခြင်းဖြစ်သည်။
 
“သူကဒီလိုပြောတော့ စားသောက်နေသူတွေက လန့်ဖြန့်ပြီးပြန်ပြေးတယ်ခင်ဗျ။ ရပ်ကွက်ထဲမှာဆိုတော့ တစ်ဆင့်စကား တစ်ဆင့်ကြားတော့ ကျွန်တော့်ရဲ့ ပွဲမှာ လူမရှိဘဲနဲ့ ဟင်းတွေ ထမင်းတွေပိုနေပါတယ်” ဟု ရုံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က ပြောသည်။
 
ဇွန်လ ၁၉ ရက်တွင် ကျရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ မအူပင်အစရှိသည့် မြို့ကြီးများတွင် ဆွမ်းဆန်စိမ်း လောင်းလှူခြင်းများ၊ သစ်ပင်စိုက်ခြင်းများ၊ စတုဒီသာကျွေးပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့ရာတွင် တားဆီးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။
 
MMK
The Ladies News
  1.  

 

Vote: 
No votes yet

Add new comment