ရခိုင်ပြည်နယ်ရှိ ရိုးရာဇာတ်သဘင်ပွဲများမှာ ကြည့်ရှုသူ ကျဆင်းလာခြင်းနှင့်အတူ စီးပွားရေးအရ တွက်ခြေမကိုက် ဖြစ်နေ

ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးရှိ ရိုးရာဇာတ်သဘင် အဖွဲ့များမှာ ကြည့်ရှုအားပေးသူ ပရိသတ် ကျဆင်းလာခြင်း နှင့်အတူ စီးပွားရေးအရ တွက်ခြေမကိုက် ဖြစ်နေကြကြောင်း ရခိုင်ပြည်နယ် ဇာတ်သဘင် အစည်းအရုံးမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ ကျင်ပွဲနှင့် အံစာကစားပွဲတို့တွင် ရိုးရာဇာတ်ပွဲများကို မပါမဖြစ် ထည့်သွင်းလေ့ရှိကြ သော်လည်း ကြည့်ရှုသူ နည်းပါးလျက်ရှိကြောင်း ရခိုင်ပြည်နယ်၊ ဇာတ်သဘင် အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးစိုးမင်းသန်းက ပြောသည်။

“စီးပွားရေးအခြေအနေ မကောင်းဖြစ်နေတယ်။ အရှူံးပေါ်နေကြတာ ရှိတယ်။ ဖြစ်သလို ဒီလောကမှာ ရပ်တည် နေကြရတယ်။ ကျွန်တော်တို့က သူများတွေဆီက ချေးငှားတဲ့ ငွေနဲ့ထူထောင်ထားကြတာ ဖြစ်တဲ့ဘအတွက် ကြွေးသံသာရာထဲမှာ နစ်နေတယ်။ ဇာတ်သဘင် အဖွဲ့တွေက အရေအတွက် များပေမယ့် အရည်အသွေး မရှိကြဘူး။ ပရိသတ်ကို ဖြစ်သလို ကပြဖျော်ဖြေနေကြတယ်။ ကျွန်တော် ကတော့ ရခိုင်ပြည်နယ်မှာ အနုပညာ တိုးတတ်အောင် ခေတ်နဲ့အညီ ကြိုးစား လုပ်ကိုင်နေပေမယ့် အခုမြန်မာမူ အနုပညာတွေဟာ တစ်စတစ်စ ပပျောက်ပြီး အားနည်းလာနေတယ်။ ရခိုင်ပြည်နယ်မှာ ဇာတ်သဘင်အဖွဲ့ ၇ ဖွဲ့ရှိတယ်။ အများစုပိုင်ရှင်တွေက အနုပညာအမြင်နှင့် အတွေ့အကြုံ မရှိပါဘူး။ စီးပွားရေးဆန်ဆန်ပဲ လုပ်စားနေကြတယ်” ဟု ဦးစိုးမင်းသန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၀င်းရွှေဇင်၊ ရတနာထွန်း၊ အောင်နန်း၊ ရတနာသန်းအောင်၊ ရွှေပြည်စိုး၊ ဟိန်းရတနာနှင့် စိန်ရွှေရတနာ စသည့် ဇာတ်သဘင်အဖွဲ့ ၇ ဖွဲ့ရှိနေကြောင်း သိရသည်။

ဇာတ်တစ်ဇာတ်ငှားပါက နေရာဒေသအပေါ် မူတည်၍  ၁ ညလျှင် ပွဲကြီးဆိုပါက ကျပ် ၈ သိန်းမှ ကျပ် ၁၀ သိန်းအထိ ဈေးပေးရကြောင်းနှင့် ကျေးရွာများတွင် ကပြရသည့် ပွဲသေးဆိုလျှင် ကျပ် ၅ သိန်းမှ ကျပ် ၇ သိန်းအထိ ပေါက်ဈေးရှိပြီး ပွဲသေးကိုသာ အဓိကထား လက်ခံလေ့ရှိကြောင်း ဇာတ်ပိုင်ရှင်ထံများ ထံမှ သိရသည်။

“ဇာတ် ၁ ခြိမ်း( ၁ ညည့် )ကို ငွေ ၅ သိန်းလောက် အငှားကျရုံနဲ့ ကျွန်မတို့ အမြတ်မရပါဘူး။ ဒါကြောင့် တစ်ခါတလေ တချို့ပွဲတွေဆိုရင် အရှုံးပေါ်နေတယ်။ လူအများကြီးနဲ့ နေ့စဉ်ကုန်ကျစရိတ်တွေက များတယ်။ ပြောင်းရွေ့စရိတ်တွေဖြစ်တဲ့ မော်တော်ဘုတ်ခ၊ ကားခတွေက ဈေးကြီးတယ်။ နောက်ပြီး ပရိသတ်ကို အနုပညာရသ အပြည့် ဖော်ကျူးနိုင်မယ့် ကျွမ်းကျင်တဲ့ သဘင်ပညာသည်တွေ အရမ်းရှားလာတယ်။ အားလုံးက ကိုရီယား ယဉ်ကျေးမူလှိုင်းမှာ မျောပါသွားကြပြီ။ မြန်မာရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ကို ထိထိရောက်ရောက် ပြည်သူ စိတ်ထဲရောက်အောင် ဇာတ်သဘင်တွေက ရိုက်သွင်းပေးနိုင်မယ့် သဘင်ပညာသည်တွေ လိုအပ်နေတယ်” ဟု ၀င်းရွှေဇင် ဇာတ်သဘင်အဖွဲ့ပိုင်ရှင် ဒေါ်ခင်သန်းအေးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဇာတ်သဘင်အဖွဲ့ အများစုမှာ မြေပုံမြို့နယ်နှင့် ပေါက်တောမြို့နယ်များတွင် အခြေစိုက်လေ့ရှိပြီး ဇာတ်သဘင်အဖွဲ့များ အနေဖြင့် ရခိုင်ဘာသာစကားနှင့် ဗမာဘာသာစကားတို့ဖြင့် ရောယှက်ကာ ကြည့်ရှုသူ ပရိသတ်များအား ဖျော်ဖြေပေးလေ့ရှိကြောင်း သိရသည်။

သတင်း - MMK

The Ladies News

Vote: 
No votes yet

Add new comment