ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ် တို့အကြား မကြာခဏ တွေ့ဆုံမှုမှာ တိုင်းပြည် အတွက် အလားအလာ ကောင်းပင်ဖြစ်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောဆို

ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၏ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကဲ့သို့ တပ်မတော် အသိုင်အးဝိုင်းတွင် သြဇာတိက္ကမ ရှိသည့် ပုဂ္ဂိုလ်တို့အကြား မကြာခဏ တွေ့ဆုံမှုများမှာ တိုင်းပြည်အတွက် အလားလာ ကောင်းပင်ဖြစ်ကြောင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မှတ်ချက်ပြု ပြောဆိုသည်။ “ခင်ဗျားတို့လည်း သိနေတာပဲ ၊ ဟိုတုန်းက ဒီလိုမျိုးက စိတ်တောင်ကူးလို့မှ မရတာပဲ။ အခုက အားလုံးက ညီညာနဲ့ ပေါင်းလုပ်နေတဲ့ သဘောရှိတာပဲလေ။ ဘာပဲ ပြောပြော ကောင်းတဲ့ အလားအလာလို့ ပြောနိုင်ပါတယ်” ဟု ယခင်တပ်မတော် အစိုးရလက်ထက်တွင် တပ်မတော် ထိပ်တန်းခါင်းဆောင်တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးတင်အေးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲ အပြီးကာလတွင် ဒုတိယအကြိမ် မြောက် တွေ့ဆုံဆွေးနွေးမှုအဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်န၀ါရီလ ၂၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ နိုင်ငံ့ရှေ့ရေးအတွက် အတိတ်မှ သင်ခန်းစာများကို ရယူပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု ဖြင့် အဖြေရှာနေခြင်းသည် အမှန်တကယ်ပင် ကြိုဆိုရမည့် အခြေနေတစ်ရပ်ကို ရောက်ရှိနေခြင်းပင် ဖြစ်ကြောင်း ဦးတင်အေးက ဇန်န၀ါရီလ ၂၆ ရက်နေ့ မနက်ပိုင်း က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် The Ladies News သို့ ပြောသည်။ NLD ပါတီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့၏ တွေ့ဆုံမှုတွင် NLD အစိုးရ လက်ထက်တွင် ပြန်လည် ဖွဲ့စည်းမည့် ကော်မရှင် အဖွဲ့နှင့် ကျင်းပမည့် ရွေးကောက်ပွဲတို့အတွက် လိုအပ်သည့် အကြံဥာဏ်နှင့် အကူညီများ ပေးအပ်မည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကတိပြုခဲ့သည်။ “ကျွန်တော့် အနေနဲ့ကတော့ ရွေးကောက်ပွဲက ဒီမိုကရေစီ စနစ်မှာ အရေးကြီးတယ်။ ကျွန်တော်တော့ လာမယ့် ကော်မရှင်မှာ ဆက်မလုပ်တော့ဘူး။ နောက်အစိုးရ လက်ထက် ကော်မရှင်ကိုတော့ အကောင်းဆုံး ဖြစ်အောင် အကြံဥာဏ်ပေးမယ်။ အကူညီတောင်းလို့ ရှိရင်လည်းပေးမယ်။ ကျွန်တော် အကြံပြုသင့်တာ ပြုပါ့မယ် ဆိုတာပြောခဲ့တယ်’” ဟု ဦးတင်အေးက The Ladies News သို့ ပြောသည်။ The Ladies News Journal 

 

 

Vote: 
No votes yet

Add new comment