SSPP/SSA နှင့် တပ်မတော်အကြား စစ်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် တိုးလာ၍ အဝတ်အစားနှင့် အစားအသောက်များ လိုအပ်နေ

ရှမ်းပြည်နယ် တောင်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ဘေး
ရှောင်နေရသည့်  ဒုက္ခသည်များ တိုးလာသည့်အတွက် စောင်၊ အနွေးထည်နှင့်
အစားသောက်များ လိုအပ်လျှက်ရှိကြောင်း ဒုက္ခသည်များကို အကူညီပေးနေသည့်
ရှမ်းပြည်နယ် တောင်ပိုင်း Youth Network မှ သိရှိရသည်။

“အခု ဟိုင်းပါးမှာ လူတွေများလာတော့ နမ့်ဆန်ကို လူ ၅၀၀ လောက်ခွဲပြီး ထားဖို့
ပြင်နေတယ်။ အဓိက ဆောင်းရာသီဖြစ်လို့ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေ
တယ်။ ကျွန်တော်တို့လည်း အခု တတ်နိုင်သလောက် သွားပို့မှာ” ဟု ရှမ်းပြည်နယ်
တောင်ပိုင်း Youth Network မှ ဦးဆောင်သူ စိုင်းသောင်းထွဋ်စိုးက ပြောသည်။

တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA
ဝမ်ဟိုင်း) တို့အကြား ဖြစ်ပွားနေသော ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အနီးအနား
ကျေးရွာများမှ ရွာသားများသည်  ရှမ်းပြည်နယ် အနှံ့အပြားသို့ ထွက်ပြေး တိမ်းရှောင်
နေရကြောင်း ဒေသခံများထံမှ သိရသည်။

“ဝမ်စိမ်းရွာမှာ ခိုလမ်ကိုဖြတ်သွားတဲ့ ဒုက္ခသည်တွေကို တပ်မတော်က မသွားဖို့
တားဆီးထားတာတွေ ရှိတယ်။ ကျင်းလိန်းရွာမှာတော့ အများစုက ဝမ်ဟိုင်းရွာက
စစ်ပြေးဒုက္ခသည်တွေ ပိုများတယ်။ အခုဆို စစ်ဖြစ်လို့ ကျောင်းမတက်ရတဲ့ ကလေး
၃၀၀၀ လောက် ရှိတယ်” ဟု ဝမ်ဟိုင်းရွာမှ ကိုစိုင်းစိုင်းက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်
ဒုက္ခသည်များမှာ လဲချားမြို့ တွင် ၅၀၀ ဦး၊ မိုင်းရှုးမြို့တွင်  ၁၀၀၀  ဦး၊ ဟိုင်းပါးတွင်
၁၂၃၇ ဦး၊ ဝမ်ဝတွင် ၁၀၀၀ ဦး၊ မိုင်းနောင်တွင် ၃၈၀ ဦး၊ ကျောက်မဲတွင် ၁၀၀၀ ဦး
ခန့်ရှိပြီး ဝမ်စိမ်းနှင့် ကျင်းလိန်ရွာများတွင် စစ်ဘေးဒုက္ခသည် ၅၀၀ ကျော် ခိုလှုံနေ
ကြပြီး နေရာအနှံ့အပြားတွင် ထွက်ပြေး တိမ်းရှောင်နေကြသည့် ဒုက္ခသည်များ
ရှိကြောင်း သိရသည်။

“တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေလို့ ဝမ်ဟိုင်းရွာ မူလတန်း ပရဟိတကျောင်းက
ကျောင်းသား  ၅၃၇ ယောက်ကို မိဘတွေ ခေါ်ပြေးသွားကြတယ်။ ကျန်တဲ့
ကလေး ၁၀၉ ယောက်မှာ မိဘမရှိတော့တဲ့အတွက် ကျေးသီးမြို့နယ် ထဲက
ဝမ်ပိန်းဘုန်းကြီးကျောင်းမှာ ရွှေ့ထားရတယ်။ ဝမ်ဟိုင်းရွာမှာ ပရဟိတ
မူလတန်းကျောင်းနဲ့  အထက်တန်း ကျောင်းဆိုပြီး  ၂ ခု ရှိတယ်။ အခုစစ်ဖြစ်တဲ့
နေရာတွေက ကလေးတွေ အားလုံးပေါင်း ၃၀၀၀ လောက် ကျောင်း မတက်ရဘူး။
စာမသင်ရဘူး”ဟု ဝမ်ဟိုင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက
စစ်ဘေးရှောင်ဦးရေ ပိုမို များပြားလာနိုင်ပြီး လတ်တလော တိမ်းရှောင်နေရသည့်
စစ်ဘေးရှောင်များအတွက် အစားအသောက်၊ အဝတ် အစားနှင့် နေရာရရှိရန်များ
လိုအပ်လျှက်ရှိကြောင်း ဒုက္ခသည်များအား ကူညီပေးနေသည့် လူမှုကူညီရေးအဖွဲ့
များမှ သိရသည်။

အစိုးရနှင့် အပစ်ရပ် လက်မှတ်မထိုးထားသည့်  ရှမ်းပြည်နယ်တောင်ပိုင်းမှ ရှမ်းပြည်
တိုးတက်ရေးပါတီ SSPP/SSA နှင့် တပ်မတော်အကြား အောက်တိုဘာလ ၆ ရက်
ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် ကရင်အမျိုးသား အစည်းအရုံး
( KNU) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊
ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် DKBA ၊ ကရင်အမျိုးသား အစည်းအရုံး၊
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/ KNLA-PC ၊
ရခိုင်လွတ်မြောက်ရေးပါတီ ( ALP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်
တပ်မတော် RCSS/SSA ၊ ချင်းအမျိုးသားတပ်ဦး ( CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး
အဖွဲ့(PNLO) စသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့က တစ်နိုင်ငံလုံး ပစ်ခတ်
တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်
တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ကျော် ကျန်ရှိနေကြောင်း သိရသည်။

သတင်း -MMK
The Ladies News Journal
 

Vote: 
No votes yet

Add new comment