ကျောင်းသားသပိတ် ဖြိုခွင်းခံရမှု ပြန်လည် တရားစွဲဆိုနိုင်ရေး လက်ပံတန်းမြို့၌ အချက်အလက်များ စုဆောင်းနေ

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား လက်ပံတန်းမြို့နယ်၌ ဆန္ဒထုတ်ဖော် တောင်းဆိုရာမှ ကျောင်းသားများအား ဖမ်းဆီးခဲ့သူများကို ပြန်လည် တရားစွဲဆိုနိုင်ရေးအတွက် အချက်အလက်များ စုဆောင်းနေကြောင်း ကျောင်းသား ၊ ဝန်းရံပြည်သူများနှင့် ၎င်းတို့၏ မိဘများ ပါဝင်သော ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည့် တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီထံမှ သိရှိရသည် ။

လက်ပံတန်းမြို့တွင် ကျောင်းသား သပိတ်အား ဖြိုခွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းအပေါ် အချက်အလက်များ ပြန်လည် စုဆောင်းကာ ဖြိုခွင်းသူများအား တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေသည်ဟု တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီဝင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်က ပြောသည် ။

“လက်ပံတန်းဖြစ်စဉ် တစ်ခုလုံးကို ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်မှုတွေ အများကြီး ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျောင်းသားတွေရဲ့ တရားမျှတမှုအတွက် တရားပြန်စွဲဆိုခွင့် ရအောင် ကြိုးပမ်းသွားမယ်” ဟု ၎င်းကဆိုသည်။

ထိုကဲ့သို့ အချက်အလက်များ စုဆောင်းရာတွင် ဖြိုခွင်းခံရမှုနှင့် ပတ်သက်သည့် အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသည့် အစီရင်ခံစာများ၊ ဖမ်းဆီးထိန်းသိမ်းစဉ် ရှာဖွေပုံစံ မပါရှိဘဲ ကျောင်းသားများ၏ လက်ကိုင်ဖုန်းများ၊ အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းထား သည့် ဖြစ်စဉ်များရှိသောကြောင့် ထိုအချက်အလက် များအပေါ် မှီတည်ကာ တရားစွဲဆိုနိုင်မည်ဟု မျှော်လင့်ကြောင်း ကိုအောင်နေပိုင်က ဆိုသည်။

သာယာဝတီ ထောင်အတွင်း ဖမ်းဆီး ခံထားရသူများသည် ရုံးချိန်းပေါင်း နှစ်ဆယ်ကျော်နှင့် ရင်ဆိုင်ရပြီး ဖြစ်ကာ ဖမ်းဆီးခံထားရသည့် ကာလမှာ ခုနစ်လအထိရှိပြီး၊ တရားလို ရဲမှူးဖုန်းမြင့် အပါအဝင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲတပ်ရင်း (၁ ၊ ၁၀ ၊ ၁၁) တို့ကို ကျောင်းသား များ၏ ရှေ့နေများက တရားစွဲဆိုမှုများ ရှိခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

လက်ရှိအချိန်တွင် သာယာဝတီ အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသူ ကျောင်းသားနှင့် ဝန်းရံပြည်သူ ၅၄ ဦးရှိနေကြောင်း၊ အကြမ်းဖက် ဖမ်းဆီးစဉ် ရရှိသည့် ဒဏ်ရာများအတွက် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ဝစွာ မရရှိသည့်အတွက် လူအခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေကြောင်း၊ ကျန်မာရေး စောင့်ရှောက်မှု များ ပြန်လည်ရရှိသွားရန် ကြိုးစားသွားမည် ဖြစ်ကြောင်း သိရသည်။

“တရားစွဲဆိုဖို့ ဆိုတာတော့ သူတို့သဘောထားပါ ၊ ဦးတို့ဘက်ကတော့ တာဝန်ရှိတဲ့အတိုင်း ဥပဒေဘောင် အတွင်းကနေ ဆောင်ရွက် ခဲ့တာ ဖြစ်တဲ့အတွက် တရားစွဲလည်း ဘာမှမဖြစ်ဘူး” ဟု သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးအေးသိန်းက ဆိုသည် ။

သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့် ဝန်းရံပြည်သူများအတွက် တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီကို စက်တင်ဘာ ၁၄ ရက်နေ့က ကျောင်းသားမိဘများနှင့် သပိတ်တွင် ပါဝင်သည့် ကျောင်းသားနှင့် ဝန်းရံပြည်သူတို့ ပါဝင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အတွက် တောင်းဆိုမှု များ ပြုလုပ်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

သာယာဝတီ ထောင်အတွင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့် ဝန်းရံပြည်သူများကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်မှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှုပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုထားပြီး အမှုရင်ဆိုင်လျက်ရှိသည် ။

သတင်း - MMK
The Ladies News Journal

 

Vote: 
No votes yet

Add new comment