တပ်မတော်နှင့် TNLA တိုက်ပွဲများကြောင့် ဒေသခံ ငါးရာကျော် နီးစပ်ရာမြို့များသို့ တိမ်းရှောင်

တပ်မတော်နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)တို့မှာ အောက်တိုဘာလ ၁၂ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းအ တွင်း တိုက်ပွဲငါးကြိမ် ဖြစ်ပွားခဲ့၍ အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံ ငါးရာဝန်းကျင်ခန့်မှာ နမ့်ဆန်နှင့် ကွတ်ခိုင်မြို့ကြီးများသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိနေကြောင်း သိရှိရသည် ။

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်၊ မော်လုံကျေးရွာနှင့် မော်လနွှဲကျေး ရွာ ကြားတွင် အောက်တိုဘာလ ၁၂ ရက် နံနက် ၇း၀၀ နာရီဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံ နှစ်ဦး ဒဏ်ရာရရှိခဲ့ရကြောင်း ၊ နံနက် ၇း၀၀ နာရီမှ ညနေ ၄း၀၀ နာရီ ၀န်းကျင်အကြားတွင် TNLA နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLA ထံမှ သိရသည် ။

“အခုတော့ အခြေအနေက ငြိမ်သက် နေပါတယ် ။ ကျွန်တော်တို့ ဘက်ကတော့ အခြေအနေကို စောင့်ကြည့်နေပါတယ် ။ ဒီလို အခြေအနေ မျိုးမှာတော့ ဒေသခံတွေကို ကူညီရေးဆိုတာ ခက်ခဲတဲ့ အခြေအနေတစ်ခုပါ” ဟု TNLA မှ ပြန်ကြားရေးအရာရှိ မိုင်းအိုက်ကျော်က ပြောသည် ။

အောက်တိုဘာ ၁၂ ရက် နံနက် ၇း၀၀ နာရီဝန်းကျင်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်၊ မော်လုံကျေးရွာနှင့် မော်လနွှဲကျေး ရွာ ကြားတွင် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားကြောင်း ၊ နေ့လယ် ၁း၀၀ နာရီတွင် ကွတ်ခိုင်မြို့နယ်၊ လုံကမ်ကျေးရွာ အနီးတွင်တစ်ကြိမ် ၊ နမ့်ဆန်မြို့နယ်၊ ပန်လောရွာ အနီးတွင် တစ်ကြိမ်၊ နေ့လယ် ၁း၃၀ နာရီတွင် ကျောက်မဲမြို့နယ်၊ ပုံပိုးကျေးရွာနှင့် ကော်ပေါင်ကျေးရွာကြားတွင် တစ်ကြိမ်နှင့် ညနေ ၄း၃၀ နာရီတွင် မိုးမိတ်မြို့နယ်၊ မော်လိုကျေးရွာ နှင့် မန်ထန်ရွာကြားတွင် တစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။ အဆိုပါ တိုက်ပွဲများကြောင့် ကျေးရွာအသီးသီးမှ ဒေသခံတို့သည် နီးစပ်ရာမြို့ကြီး များဖြစ်သော မိုးမိတ်မြို့၊ ကွတ်ခိုင်မြို့နှင့် ကျောက်မဲမြို့များသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

“တိုက်ပွဲက ခဏခဏ ဖြစ်နေတော့ ကျေးရွာတွေက ဒေသခံတွေ မြို့ပေါ်မှာ လာရောက် ခိုလှုံတာတွေက များနေတယ်။ ကျွန်တော်တို့လည်း မြန်မြန်အေး ချမ်းစေချင်ပြီ” ဟု နမ့်ဆန်မြို့မှ ဒေသခံ မိုင်းဆိုင်အောင်က ပြောသည် ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အောက်တိုဘာလ ၁၅ ရက်၌ နေပြည်တော်တွင် သမ္မတဦးဆောင် သည့် ငြိမ်းချမ်းရေး အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အချို့ လက်မှတ် ရေးထိုးသွားမည် ဖြစ်သော်လည်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မပါဝင်ကြောင်း၊ TNLA အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြားစာကို သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ပေးပို့ထားကြောင်း TNLA ထံမှ သိရသည်။

သတင်း - MMK
The Ladies News Journal

 

Vote: 
No votes yet

Add new comment