ချမ်းသာသမျှ ဒေါ်လာ ၃၂ ဘီလီယံကို လှူဒါန်းမည်ဟု ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဆော်ဒီမင်းသားဆို

 မိမိချမ်းသာကြွယ်ဝသမျှ ဒေါ်လာ ၃၂ ဘီလီယံလုံးကို အများအကျိုးအတွက် လှူဒါန်းမည်ဖြစ်ကြောင်း ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးပုဂ်္ဂိုလ်များထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် အသက် ၆၀ အရွယ်ရှိ ဆော်ဒီအာရေဗျ ဘီလီယံနာသူဌေးကြီး မင်းသားအယ်လ၀ါလိဘင်တာလာက ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။

၁၉၉၇ ခုနှစ်တွင် ဘီလ်ဂိတ်စ်နှင့် မယ်လင်ဒါဂိတ်စ်တို့ဇနီးမောင်နှံ တည်ထောင်ခဲ့သည့် ဂိတ်စ်ဖောင်ဒေးရှင်းကြောင့် မိမိစိတ်ဓာတ် တက်ကြွခဲ့ရကြောင်း သူက ပြောဆိုထားသည်။

ယဉ်ကျေးမှု အသိအမြင်လုပ်ငန်းများ အားပေးရန်၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရန်နှင့် လတ်တလော အရေးကြီးနေသည့် ဘေးအန္တရာယ်ကယ်ဆယ်ရေး ဆောင်ရွက်ရန် ၎င်းငွေကြေးများ အသုံးပြုမည်ဖြစ်ကြောင်း သူက ဆိုထားသည်။

ကမ္ဘာတစ်လွှား ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် မိမိတို့အားလုံးကို ၎င်း၏ ဆုံးဖြတ်ချက်က စိတ်ဓာတ် တက်ကြွစေကြောင်း မစ္စတာဂိတ်စ်က ဆော်ဒီမင်းသား၏ ဆုံးဖြတ်ချက်ကို ချီးကျူးပြောဆိုလိုက်သည်။

မင်းသား အယ်လ၀ါလိမှာ ဖို့ဘ်စ်မဂ္ဂဇင်းက ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ်္ဂိုလ်များစာရင်းတွင် လက်ရှိနံပါတ် ၃၄ အဆင့်ရရှိထားသူတစ်ဦးဖြစ်သည်။

အဆိုပါ ငွေကြေးများသည် မင်းသား၏ ကုသိုလ်ဖြစ် အဖွဲ့အစည်းဖြစ်သည့် အယ်လ၀ါလိပရဟိတအဖွဲ့သို့ ရောက်ရှိမည်ဖြစ်သည်။ အဆိုပါအဖွဲ့အတွက် သူက ဒေါ်လာ ၃.၅ ဘီလီယံ လှူဒါန်းထားပြီးလည်းဖြစ်သည်။

တရားဝင်အစိုးရရာထူး ရယူထားခြင်းမရှိသည့် မင်းသားသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့် ကင်းဒမ်းဟိုးဒင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။

နယူးစ်ကော့ပ်၊ စီးတီးဂရုပ်၊ တွစ်တာနှင့် အက်ပဲလုပ်ငန်းများအပြင် သည်ဖိုးဆီးဆင်း၊ ဖဲမောင့်အင်ရာဖဲ စသည့် ဟိုတယ်လုပ်ငန်းများတွင် အဆိုပါကုမ္ပဏီက အစုရှယ်ယာများ ပိုင်ဆိုင်ထားသည်။

မင်းသားက သူ၏ ပုဂ္ဂလိကပိုင် ကြွယ်ဝမှုများကို လှူဒါန်းသွားမည်ဖြစ်သည်။ “ဒါက ကင်းဒမ်း ဟိုးဒင်းလုပ်ငန်းက ကျွန်တော့်ပိုင်ဆိုင်မှုတွေနှင့် တကယ်ကို သီးခြားဖြစ်ပါတယ်”ဟု ကြေညာချက်တွင် သူက ထုတ်ဖော်ပြောဆို သွားခဲ့သည်။

မွတ်ဆလင်များအား ကုသိုလ်ရေးနှင့် အကူအညီပေးလုပ်ငန်းများ လုပ်ဆောင်ရန် နှိုးဆော်လေ့ရှိသည့် ရမဒန် ဥပုသ်လအတွင်း မင်းသားအယ်လ၀ါလိ၏ ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ နှစ်အတန်ကြာသည် အထိ လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါလှူဒါန်းငွေများကို ယုံကြည်စိတ်ချရသူများအဖွဲ့က ကြီးကြပ်သွားမည်ဖြစ်ကြောင်း သူကပြောကြားခဲ့သည်။

PKT

Vote: 
No votes yet

Add new comment