အိမ်ဖြူတော်တွင် ဓာတ်ပုံရိုက်ခြင်း ပိတ်ပင်ထားသည့် နှစ် ၄၀ ကျော် ကန့်သတ်ချက် ရုပ်သိမ်း

အမေရိကန်သမ္မတအိမ်ဖြူတော်သည် လာရောက်လည်ပတ်သူများကို ဓာတ်ပုံရိုက်ခွင့်ပိတ်ပင်ထားသည့် နှစ် ၄၀ ကြာကန့်သတ်ချက်ကို ဗုဒ္ဓဟူးနေ့က ရုပ်သိမ်းခဲ့ပြီးနောက် လာရောက်သူ တိုးရစ်များက အိမ်ဖြူတော်အတွင်း ရိုက်ကူးထားသည့်ဓာတ်ပုံများကို လူမှုကွန်ရက်များတွင် တင်ခဲ့ကြသည်။ သမ္မတကတော် မီရှဲအိုဘားမားက ထိုပြောင်းလဲမှုကို အင်စတာဂရမ်ဗီဒီယို၌ ကြေညာခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုထဲတွင် “ဓာတ်ပုံနှင့် လူမှုကွန်ရက်ခွင့်မပြု”ဆိုသည့် ဆိုင်းဘုတ်ကိုကိုင်ကာ “သင် အိမ်ဖြူတော်ကိုလာလည်မယ်ဆိုရင် ဒါကိုတွေ့ရ မှာပါ”ဟု ပြောကြားခဲ့သည်။ ထို့နောက် “အခုမရှိတော့ပါဘူး”ဟုပြောကာ ဆိုင်းဘုတ်ကို ဖယ်ရှားခဲ့သည်။ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်သို့ လာရောက်လည်ပတ်သူများကို ထိုဗီဒီယိုဖြင့်ကြိုဆိုခဲ့သည်။ ထို့အပြင် “ဓာတ်ပုံရိုက်တာကို အားပေးသည်”ဆိုသည့် ဆိုင်းဘုတ်နှင့် အိုဘားမား၏ဓာတ်ပုံများကို တွေ့ရသည့်အခါ လာရောက်လည်ပတ်သူများက စမတ်ဖုန်းနှင့် ဒီဂျစ်တယ်ကင်မရာများကိုထုတ်ကာ ဓာတ်ပုံရိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

လည်ပတ်သူအချို့က ဓာတ်ပုံများကို စနပ်ချက်နှင့် အင်စတာဂရမ်တွင် ချက်ချင်းတင်ခဲ့ပြီး အချို့က အိမ်သို့ ပြန်ပို့ခဲ့ကြသည်။ တက္ကဆက်မှ လာရောက်လည်ပတ်သူ သောမတ်က ၇ နှစ်အရွယ်သားငယ် ဂျက်နှင့်အတူ သမ္မတရော်နယ်ရေဂင်၏ ဓာတ်ပုံရှေ့တွင် ဆဲလ်ဖီရိုက်ခဲ့ပြီး “ဒီဓာတ်ပုံကို အားလုံးနဲ့မျှဝေသွားမှာပါ”ဟု ပြောကြားခဲ့သည်။ ဘော်စတွန်မှလာရောက်လည်ပတ်သူ ရှရီအိုကော်နာက “ကျွန်မတို့ ဓာတ်ပုံရိုက်နိုင်တယ်လို့ သမ္မတကတော်က ပြောပြီးကတည်းက တွေ့သမျှအကုန် ဓာတ်ပုံရိုက်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သည့် အနှစ် ၄၀ ကျော်က ဓာတ်ပုံကင်မရာများ၏ ဖလက်ရှ်မီးကြောင့် အိမ်ဖြူတော်အတွင်းရှိ အနုပညာပစ္စည်းများ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ရန် ထိုတားမြစ်ချက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု သမ္မတကတော်ရုံးက ဆိုသည်။ ထိုအမိန့်အသက်ဝင်မည့်နေ့ကို တိကျစွာဖော်ပြထားခြင်းမရှိသော်လည်း ဓာတ်ပုံဖလက်ရှ်များပြောင်းလဲလာမှုကြောင့် ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဓာတ်ပုံရိုက်ခွင့်ပြုခဲ့သော်လည်း အချို့ကင်မရာများနှင့် ဆဲလ်ဖီတုတ်တံ၊ ဗီဒီယိုကင်မရာ၊ မှန်ဘီလူးဖြုတ်နိုင်သည့် ကင်မရာ၊ တက်ဘလက်နှင့် ကင်မရာဒေါက်တိုင်များကို ပိတ်ပင်ထားဆဲဖြစ်သည်ဟု အိမ်ဖြူတော်ကဆိုသည်။ ဖုန်းကင်မရာများနှင့် မှန်ဘီလူးအရှည် ၃ လက်မ (၇.၆ စင်တီ) အောက်ကင်မရာများကို ခွင့်ပြုထားသည်ဟုဆိုသည်။ အိမ်ဖြူတော်တွင် လုံခြုံရေးအစီအမံသစ်အဖြစ် ဆူးချွန်များပါသော ခြံစည်းရိုးများတပ်ဆင်သည့် တစ်ချိန်တည်းတွင် ကင်မရာကန့်သတ်ချက်လျှော့ချမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။                           KHTun

Vote: 
No votes yet

Add new comment