အင်တာနက်လိုင်းများပြန်ဖွင့်ပေးရန် အစိုးရကိုတိုက်တွန်းကြောင်း အရေးကြီးအဆိုအား လွှတ်တော်က လက်မခံဘဲ ပယ်ချ

တပ်မတော်နှင့် AA တို့ စစ်ရေးတင်းမာမှုများဖြစ်ပွားနေသော ရခိုင် ပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ ပိတ်ထားမှုကို အမြန်းဆုံးပြန်ဖွင့်ပေးရန် အစိုးရကို
တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်က လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရသည်။
 
ဇူလိုင်လ ၁၇ ရက်နေ့က ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ တင်းသွင်းခဲ့သည့် အရေးကြီးအဆိုသည် လတ်တလော ဖြစ်ပျက်နေသည့် ကိစ္စမဟုတ်ဟုဆိုကာ လွှတ်တော်က ပယ်ချလိုက်ခြင်းလည်း ဖြစ်သည်။
 
ဒေါ်ခင်စောဝေက `တင်ခွင့်မပေဘူးပေါ့။ ဘာလဲဆိုတော့ လွှတ်တော်ရဲ့ နည်းဥပဒေ အရ ဆိုလို့ရှိရင်တော့ လတ်တလောဖြစ်နေတဲ့ အဆိုတွေကိုမှ အရေးကြီးဆို, ဆိုတော့။ ဒါလည်း လတ်တလော ဖြစ်နေတဲ့ ကျွန်မတို့က ခံယူလို့ရတယ်လေ။ အဲဒါကြောင့် ကျွန်မက အရေးကြီး အဆိုအနေနဲ့ တင်လိုက်တာ။ ဒါသည် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးရဲ့ အခွင့်အရေးအရေတင်ခွင့်ရှိတယ်။ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့လည်း လတ်တလော မဟုတ်တော့ဘူး။ အချိန်နည်းနည်း ကြာသွားတဲ့အတွက် ဒါကိုဆွေးနွေးခွင့်မပေးဘူးဆိုတဲ့ သဘောပါ` ဟု The Ladies News သို့ပြောကြေားသည်။
 
ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ အစိုးရက ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ၀န်ဆောင်မှုများကို ယာယီ ပိတ်သိမ်းထားခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင်မူ ရပ်ဆိုင်းထားသော အင်တာနက် လိုင်းများ ပြန်ဖွင့်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လက်ခံဆွေးနွေးကာ အတည်ပြုထားခဲ့သည်။
 
အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကတော့ အင်တာနက် လိုင်းများ ပိတ်ထားခြင်းမှာ ယာယီပိတ်ထားခြင်းသာဖြစ်ပြီး၊ အခြေအနေ ကို ပြန်သုံးသပ်နေကြောင်းနှင့် အချိန်အတိုင်းအတာကို လတ်တလော တွင် အတိအကျပြော၍ မရသေးကြောင်းကို သတင်းမီဒီယာများအား ပြောကြားထားသည်။
 
အင်တာနက်လိုင်းများ ပိတ်ထားသောကြောင့် ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပျက်နေသည့် အခြေအနေများကို အချိန်နှင့် တပြေးညီသိခွင့်မရဘဲ သတင်းအမှောင် ချခံရသလိုဖြစ်နေသည်ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment