ဇွန်လအတွင်း ရာသီတုပ်ကွေးသံသယလူနာ (၂၀)ဦးအနက် ဓါတ်ခွဲအတည်ပြုပြီးသူ ၇ ဦး၊သေဆုံးသူ ၃ဦးရှိ

၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ရာသီတုပ်ကွေးသံသယလူနာ (၂၀) ဦး၊ ရာသီတုပ်ကွေးရောဂါ (H1N1pdm09) ဟုဓါတ်ခွဲအတည်ပြုပြီးသူ (၇) ဦးရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများအနက် (၁၇-၆-၁၉) ရက်နေ့အထိ သေဆုံးသူ (၃) ဦး ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
 
အဆိုပါ သေဆုံးသူ သုံးဦးတွင် နာတာရှည်ရောဂါ၊ မွေးဖွားပြီးမိခင်နှင့် သက်ကြီးရွယ်အိုစသည့် ရောဂါအခံနှင့် ဆက်စပ်အကြောင်းအရာ များကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး(H1N1)ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အစိုးရအဖွဲ့ဝင်လူကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃ္န်းကျွန်းစံပြပြည်သူ့ဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံတို့မှ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများနှင့် အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာနမှ တာဝန်ရှိသူများစုစုပေါင်း (၂၀) ဦးခန့်တက်ရောက်ခဲ့ကာ ကာကွယ်ကုသရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက် နိုင်စေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
 
ထို့အတူ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်ဦးဆောင်သောအဖွဲ့သည် သေဆုံးခဲ့သော လူနာ (၂) ဦး၏ နေအိမ်များသို့သွားရောက်ပြီး နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ရာသီတုပ်ကွေးရောဂါအကြောင်းနှင့် ကာကွယ်နည်းလမ်းများကို လက်ကမ်းစာစောင်များဝေငှပြီး ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် မိသားစုဝင်များနှင့် ပတ်ဝန်းကျင်တွင် တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment