ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် တည်ရှိရေးသည် AA ၏ အဓိကရည်မှန်းချက်ဖြစ်သည်ဟု ဆို

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် တည်ရှိရေးသည် ရခိုင် လက်နက်ကိုင်အဖွဲ့ (ULA/AA) ၏ အဓိက ရည်မှန်းချက် ဖြစ်သည်ဟု AA မှ ဗိုလ်မှူးကြီးကျော်ဟန်က ပြောကြားလိုက်သည်။
 
အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် AA အပါအ၀င် NCA တွင် လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဗိုလ်မှူးကြီးကျော်ဟန်က သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
 
NRPC ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက တွေ့ဆုံဆွေးနွေးပွဲ၌ အဖွင့် အမှာစကားပြောရာတွင် ရခိုင်ပြည်နယ် သည် အဖြူရောင်နယ်မြေ ဖြစ်သည့်အတွက် လက်နက်ကိုင်အဖွဲ့များ အခြေချရန်ကြိုးစားခြင်း သည် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားထားသည်။
 
ယင်းသို့ပြောကြားချက်နှင့် ပတ်သက်ပြီး AA ၏ အမြင်ကို သတင်းမီဒီယာများက မေးမြန်းသည့်အခါ ဗိုလ်မှူးကြီး ကျော်ဟန်က `ရက္ခိုင့်တပ်မတော်ကို ရခိုင်ပြည်မှာတည်ရှိနေမှုကို တပ်မတော်ဘက်က လက်မခံတဲ့ သဘောလို့ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်တွေကို ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော် တည်ရှိရေးရာ ULA ရဲ့ အဓိက ရည်မှန်းချက် ဖြစ်တယ်။ ရခိုင်ပြည်သူကို ရက္ခိုင့်တပ်မတော်ကပဲ လုံးခြုံ အေးချမ်းဖို့ ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူနိုင်မှာ ဖြစ်တယ်လို့ ကျွန်တော်တို့ ခံယူထားတဲ့အတွက် ကျွန်တော်တို့ဟာ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို လုပ်နေတာဖြစ်တယ်` ဟု သတင်းမီဒီယာများကို ပြောကြားသည်။
 
ယခင်က ထိတွေ့ဆက်ဆံမှု မရှိတာထက်စာလျှင် ယခုထိတွေ့ ဆက်ဆံ ပြောဆိုမှုများရှိလာသည့် အတွက် ယနေ့ဆွေးနွေးပွဲသည် အခြေအနေအရ တိုးတက်မှုရှိသည်ဟုလည်း ဗိုလ်မှူုးကြီး ကျော်ဟန်က ပြောကြားသည်။
 
`အရင်စကားမပြောဘဲ နေတဲ့ဟာထက်အခုက ဆွေးနွေးလာတယ်။ ပြီးရင် ထပ်ပြီးဆွေးနွေးဖို့လည်း အစီအစဉ် ရှိတယ်ဆိုတော့ အရင်ထက်တော့ တိုးတက်မှုရှိပါတယ်` ဟု ၄င်းက ပြောကြားသည်။
 
သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် စွပ်စွဲမှုများရှိနေသော မြောက်ဦးပစ်ခတ်မှုများနှင့် ပတ်သက်ပြီးလည်း AA က မြောက်ဦးမြို့တွင်း၌ တိုက်ပွဲ ဖေါ်ဆောင်မရှိကြောင်းလည်း သတင်းထောက်များကို ပြောကြားသွားသည်။
 
သတင်းထောက်တစ်ဦး၏ ဘာကြောင့်AA ရဲစခန်းများကို ၀င်တိုက်ရသလဲဆိုသည့် မေးခွန်းကိုတော့ ဗိုလ်မှူးကြီးကျော်ဟန်က ၄င်း၏ အထက်မှ ပြောရေးဆိုခွင့်ရှိသူ ဖြေကြားပြီးဖြစ်သောကြောင့် သူ့အနေဖြင့် ဖြေကြားရန်မလိုအပ်ဟု ဆိုပါသည်။
 
ဆွေးနွေးအပြီး NRPC နှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့၏ ပူးတွဲထုတ်ပြန် ကြေညာချက်ထဲတွင် လက်ရှိဖြစ်ပွားသော လက်နက်ကိုင် တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆက်လက် ညှိနှိုင်း ကြိုးပမ်းကြရန်၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ကြိုးပမ်းကြရန် ဆိုသည့် အချက်များ ပါဝင်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment