အမျိုးသမီးတွေရဲ့ အခက်အခဲကို ကိုယ်ချင်းစာလို့ အခွင့်ရှိရင် ကိုယ်ဝန်ဆောင်ကြည့်ချင်တယ်လို့ ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ Deontay Wilder ၀န်ခံပြောကြား

အမေရိကန် ဟဲဗီးဝိတ် လက်ဝှေ့အကျော်အမော် Decontay Wilder သည် အတတ်ပညာရှင်များ အနေနှင့် ယောက်ျားလေး များအတွက် ကိုယ်ဝန်ဆောင်နိုင်ရန် စီစဉ်ပေးနိုင်သည့် နည်းလမ်းမျိုး ဖန်တီးနိုင်ခဲ့ပါက ကိုယ်ဝန်ဆောင် ကြည့်ချင်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။ Wilder သည် ဟဲဗီးဝိတ်တန်းတွင် ထိုးသတ်နေသူ တစ်ဦးဖြစ်ပြီး ပြိုင်ပွဲ ၄၀ ထိုးသတ်ထားရာတွင် ပွဲ ၄၀ စလုံး အနိုင်ရရှိထားသူ ဖြစ်သည်။ ထို့အပြင် ၄င်းအနိုင်ရရှိခဲ့သည့် ၃၉ ပွဲသည် အလဲထိုးဖြင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
 
သန်မာထွားကြိုင်းပြီး သတ်ပုတ်ရာတွင် အလွန် ကျွမ်းကျင်သည့် Wilder သည် ယခုအခါတွင် ကမ္ဘာ့အမျိုးသမီးတွေအပေါ် စာနာနားလည်နိုင်ဆုံး လူတစ်ယောက်ဟု သတ်မှတ် ရလောက်အောင် ၄င်းအနေနှင့် ကိုယ်ဝန်ဆောင် ကြည့်ချင်ကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
 
အသက် ၃၃ နှစ်အရွယ် ဟဲဗီးဝတ် လက်ဝှေ့အကျော်အမော် Wilder သည် Naieya အမည်ရ အသက် ၁၃ နှစ်အရွယ် သမီးလေး အပါဝင် ကလေး ၇ ယောက်၏ ဖခင်ဖြစ်ပြီး နွေးထွေးသည့် မိသားစုဘ၀ကို တည်ဆောက်နေသူဖြစ်သည်။
 
“အတတ်ပညာရှင်တွေသာ ယောင်္ကျားတစ်ယောက်ကို ကိုယ်ဝန်ဆောင်နိုင်စေမယ့် နည်းပညာမျိုး တီထွင်ခဲ့ကြမယ်ဆိုရင် ကျွန်တော် ကိုယ်ဝန်ဆောင်ကြည့်ချင်ပါတယ်။ ကျွန်တော် တကယ်ပဲ ကလေး မွေးပေးချင်တဲ့ အကြောင်း ကျွန်တော့်ဇနီးကို ဖွင့်ပြောမိမှာပါ။ အမျိုးသမီးတွေအနေနဲ့ လူ့အသက် တစ်ချောင်းကို လောကကြီးထဲ ရောက်အောင် ဘယ်လို ခက်ခက်ခဲခဲ သယ်ဆောင်ရလဲ ဆိုတဲ့ အတွေ့အကြုံကို ကျွန်တော် ခံစားကြည့်ချင်မိပါတယ်။ ကျွန်တော် ဟာ ၁ လမှာ လူ ၇ ယောက်လောက်ကို သွေးထွက်သံယိုဖြစ်အောင် လုပ်နေကြ လူတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော် အမျိုးသမီး တွေနဲ့ ကလေးတွေကို တန်ဖိုးထားပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အမေကြီး တစ်ယောက်လို ခံယူထားပြီး ကလေးတွေကိုလည်း တစ်နေ့ကို အနည်းဆုံး ၇ ကြိမ်လောက် နမ်းမိပါတယ်။ သူတို့ဟာ ကျွန်တော့်ဘ၀ရဲ့အရေးပါသူတွေဖြစ်လို့ ကျွန်တော်သူတို့ အားလုံးကို ချစ်ပါတယ်။” ဟု Wilder ကပြောကြားခဲ့သည်။
 
Wilder သည် လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့၊ စနေနေ့တွင် Heavyweight World Championship ပွဲစဉ် တစ်ပွဲအဖြစ် ပြိုင်ဘက် Tyson Fury နှင့် ထိုးသတ်သွားတော့မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲနှင့် ပတ်သတ်ပြီးလည်း Wilder က “ ကျွန်တော် အမြဲလိုလို ပြောလေ့ရှိပါတယ်။ တိုက်ခိုက်ရေးသမား အများစုဟာ ပွဲကို ဆာလောင်သူတွေ ဖြစ်တယ်ဆိုတာကိုပေါ့။ ကျွန်တော်လည်း အဲ့လို လူတစ်ယောက်ပါ။ ဒါပေမယ့် ဒီပွဲကို ကျွန်တော် လူမှုရေးကိစ္စ လုံးဝမပါပဲ ယှဉ်ပြိုင်သွားမှာပါ။” ဟု ထပ်မံပြောကြားခဲ့သည်။
 
Source : Daily Mail
The Ldies News
 
 

 

Vote: 
No votes yet

Add new comment