အလွတ်သဘော တွေ့ဆုံဖြေရှင်းနိုင်မည်ဆိုပါက NCA လမ်းကြောင်း ပေါ် ပြန်လည်ရောက်ရှိမည်ဟုဆို

လက်ရှိဖြစ်ပေါ်နေသော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ဖြစ်ပေါ်နေသည် သဘောထားကွဲလွဲမှုများကို အလွတ်သဘော တွေ့ဆုံဖြေရှင်း နိုင်မည် ဆိုပါက NCA လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာမည်ဟု ထင်မြင်ကြောင်း မြန်မာအရေး လေ့လာသုံးသပ်သူ ဆရာဦးမောင်မောင်စိုး The Ladies News သို့ သုံးသပ်ပြောကြားသည်။
 
အစိုးရဘက်မှလည်း ၄င်းတို့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အား အစိုးရငြိမ်းချမ်းရေးကော်မရှင်( PC) နှင့် အလွတ်သဘော တွေ့ဆုံနိုင်ရန် ဆောင်ရွက်နေသည်ဟု PC အဖွဲ့ဝင်တစ်ဦးက ပြောကြားပြီး၊ ထိုသို့ ဆောင်ရွက်နေကြောင်း ကိုလည်း KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် က The Ladies News သို့ အတည်ပြုသည်။
 
ပြီးခဲ့သည့် အောက်တိုဘာ ၁၅၊ ၁၆ ရက်များတွင် အစိုးရ၊ တပ်မတော်နှင့် NCA တွင် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ သီးသန့် အစည်းအဝေး အပြီးတွင် အစိုးရ၊ တပ်မတော်နှင့် KNU၊ RCSS တို့ကြား ဖြစ်ပေါ်လာသည့် နိုင်ငံရေးဆိုင်ရာ သဘောထား ကွဲမှုများကြောင့် NCA လမ်းကြောင်းမှ နောက်ပြန်ဆုတ်သွားပြီဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
 
`နိုင်ငံရေးအရ သီးသန့်ဆွေးနွေးမှုမှာ ကွဲလွဲမှုရှိတဲ့ အချက်တွေပေါ့ဗျာ။ တစ်ခုတည်းသော တပ်မတော် ပြဿနာတို့ ခွဲမထွက်ရ ကတိက၀တ် တို့ ဒါတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့လိုအပ်မယ်။ RCSS နဲ့ ပတ်သက်ရင်တော့ တပ်နေရာချထားရေးကို ညှိနှိုင်းဖို့လိုအပ်မယ်။ အဲဒါတွေကို အလွတ်သဘော တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်မယ် ဆိုရင်တော့ NCA လမ်းကြောင်းပေါ် ပြန်ရောက်လာမယ် ထင်ပါ တယ်` ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။
 
NCA လက်မှတ်ထိုးအပစ်ရပ် ၁၀ ဖွဲ့ထဲတွင် အင်းအားကြီး အဖွဲ့ တစ်ခုဖြစ်သည့် KNU သည် အောက်တိုဘာလ ၂၇ ရက်နေ့က ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီ ရပ်ဆိုင်းထားကြောင်း အစိုးရထံ အကြောင်းကြားခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ပြုလုပ်ခဲ့သော ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေး လုပ်စဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းမှ တဆင့် ဆွေးနွေးအဖြေရှာသွားမည်ဟု ထုတ်ပြန်ထားသည်။
 
ထို့အတူပင် NCA လက်မှတ်ထိုး အင်အားကြီး အဖွဲ့တစ်ခုဖြစ်သည့် RCSS သည်လည်း ၄င်းတို့၏ အရေးပေါ် အစည်းအဝေး ထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့် အချက်သည် NCA တွင် ပါဝင်ခြင်းမရှိသဖြင့် ဤအချက်နှင့် ပတ်သက်၍ NCA အတိုင်း ရပ်တည်သွားမည်ဟု ဖေါ်ပြထားသည်။
 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကမူ ထိပ်သီးခေါင်းဆောင်များ သီးသန့် အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ခွဲမထွက်ရဆိုသည့် အချက်သည့် ထာဝရငြိမ်းချမ်းရေး အတွက် အမှန်တကယ် လိုအပ်သည့် အာမခံချက် တစ်ခုဖြစ်သည်ဟု ပြောကြားထားသည်။
 
လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် လတ်တလော ဖြစ်ပေါ်နေ သော သဘောထား ကွဲလွဲမှုများသည် NCA လမ်းကြောင်းကို နောက်ပြန်လှည့်စေသည်ဟု သုံးသပ်နေခြင်းဖြစ်သည်။
 
`ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ NCA လမ်းကြောင်းပေါ်ကနေ နောက်ပြန် လျှောကျနေတာပေါ့။ အဲဒီတော့ အခုနက ပြောသလိုပဲ အလွတ်သဘောနဲ့ တွေ့ဆုံညှိနှိုင်း ဖြေရှင်းနိုင်မှသာ NCA လမ်းကြောင်းပေါ် ပြန်တွန်းတင်နိုင်မှာပေါ့` ဟု ဦးမောင်မောင်စိုး ကပြောကြားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment