လက်ရှိအစိုးရသက်တမ်းအတွင်း၌ ပြည်သူများ ယုံကြည်အောင် အောင်မြင်သည့် အလုပ်များ လက်ညှိထိုးပြရန် မရှိသေးဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဝေဖန်

လက်ရှိ NLD အစိုးရ၏ ၂ နှစ်ကျော်ကာလအတွင်း၌ အများပြည်သူ ယုံကြည်အောင် အောင်မြင်သည့် အလုပ်များ လက်ညှိထိုးပြရန် မရှိသေးဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဝေဖန် ပြောကြားလိုက်သည်။
 
အောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့၌ ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌက ယင်းသို့ ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။
 
`ဒီအစိုးရရဲ့ကာလ သက်တမ်း ၂ နှစ်ခွဲခန့်အတွင်းမှာ ဟောဒီ မိဘပြည်သူများ ယုံကြည်အောင် အောင်မြင်တဲ့ အလုပ်တွေ လက်ညှိထိုးပြဖို့ မရှိသေးဘူး။ အဲဒီလိုဖြစ်တဲ့အခါမှာ မိမိတို့ ဒီတာဝန်များကို အောင်မြင်အောင် မဆောင်ရွက် နိုင်ခြင်းသည် အရင်လူတွေထားခဲ့တဲ့ အမွေအနှစ်တွေက မကောင်းလို့၊ အရင်လူတွေ အရည်အချင်း ပျက်ယွင်းခဲ့လို့၊ အရင်လူတွေက တိုင်းပြည်ကိုဖျက်ဆီးခဲ့လို့ ဒီလိုမျိုးလက်ညှိထိုး စွပ်စွဲတာဖြစ်တယ်` ဟု ဦးသန်းဌေးက ပြောကြားသည်။
 
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့တွင် ပြုလုပ်ခဲ့သည့် လူထု တွေ့ဆုံပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ယနေ့ တိုင်းပြည်၏ မှုန်မိုင်းနေသော နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို မိမိတို့ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ချက်ချင်း တောက်ပအောင် ဆောင်ရွက်ပေးချင်ကြောင်း ပြောကြားခဲ့သည်။
 
သည့်အပြင် စက်တင်ဘာလ နှောင်းပိုင်းက ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင်၌ ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲမှာလည်း ဦးသန်းဌေးက လက်ရှိအစိုးရအနေဖြင့် မိမိတို့လုပ်ကိုင်ခဲ့သည်များကို ရာနှုန်းပြည့်ဖြူစင်ပါသည်ဟု အာမခံနိုင်သလား ဆိုသည်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါရှိသည့် နောက်ကြောင်းမပြန်ရ ဥပဒေကို ရုတ်သိမ်းဖို့ အစီအစဉ် ရှိပါသလားဟူ၍ မေးခွန်းထုတ်ထားခဲ့သည်။
 
ယနေ့ ဦးသန်းဌေး လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည့် တမူးမြို့နယ်သည် လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် တိုင်းဒေသကြီးလွှတ်တော် လစ်လပ် မဲဆန္ဒနယ်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးရိုထန်ပ္ပီးယာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment