ဝမ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ရန် အောင်လအန်ဆန်က မိုဟာမတ်ကရာကီနှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်

အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အားကစားပြိုင်ပွဲများကို ဦးစီးကျင်းပ လျက်ရှိသော ONE Championship™ (ONE) သည် ၂၆ ရက်နေ့၊ သောကြာနေ့၊ ရန်ကုန်မြို့ သုဝဏ္ဏဘူမိမိုးလုံလေလုံ အားကစားကွင်းအတွင်းတွင် ကျင်းပပြုလုပ်မည့် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကို ထုတ်ပြန်ကြေငြာလိုက်ပြီး လက်ရှိ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ၄င်း၏ ချန်ပီယံခါးပတ်ကို ကာကွယ်ရန် လက်ဘနွန်နိုင်ငံသား မိုဟာမတ် ကရာကီ ((Mohammad Karaki) နှင့် ယှဉ်ပြိုင်ထိုးသတ် သွားမည် ဖြစ်ကြောင်းသိရသည်။
 
အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် အောင်လအန်ဆန်သည် မြန်မာ့သမိုင်း တစ်လျှောက်တွင် အောင်မြင်မှုအရှိဆုံး ကစားသမား တစ်ဦးဖြစ်ပြီး သူ၏ နာမည်ကျော်ချုပ်ကွက်ပညာ ကျွမ်းကျင်မှုကြောင့် “မြန်မာ့စပါးအုံး” အဖြစ် တင်စားခေါ်ဝေါ်ခြင်းခံထားရသူလည်းဖြစ်သည်။ ကချင်ပြည်နယ် တောင်တန်းဒေသရှိ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့သည့် ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဇွန်လ ၂၀၁၇ ခုနှစ်က ဗိုက်တလီ ဘစ်ဒက်ရှ် (Vitaly Bigdash) ကို အလဲထိုးကာ အနိုင်ယူခဲ့သည်ဟု ဒိုင်များ၏ တညီတညွတ်တည်း ဆုံးဖြတ်မှုနှင့် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူဆွတ်ခူးနိုင်ခဲ့ခြင်း လည်းဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၀၁၈ တွင်လည်း ဘရာဇီးနိုင်ငံသား Alexandre Machado အား အနိုင်ယူခဲ့ရာမှ ဝမ်းလိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံအဖြစ် ထပ်မံသရဖူ ဆောင်နိုင်ခဲ့သူဖြစ်ပြီး ယခုအခါတွင် အောင်လအန်ဆန်းသည် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ရန် မိုဟာမတ်ကရာကီနှင့် ယှဉ်ပြိုင် ထိုးသတ်သွားရတော့မည် ဖြစ်သည်။
 
လက်ဘနွန်နိုင်ငံသားဖြစ်သူ ကိုယ်ခံပညာမျိုးစုံထူးချွန်ကစားသမား Mohammad “O Lutador” Karaki သည် အသက် ၂၇ နှစ် ရှိသော Phoenix မစ်ဒယ်ဝိတ်ချန်ပီယံ ကစားသမားဖြစ်ပြီး အစွန်းအထင်းမရှိဘဲ ပွဲရလဒ်ကို ၉-၀ အထိ မှတ်တမ်းတင် ထိန်းသိမ်းထားနိုင်သူ တစ်ဦးဖြစ်သည်။ မစ်ဒယ်ဝိတ်ချန်ပီယံ Karaki သည် အရှေ့ အလယ်ပိုင်းဒေသ၏ အထူးချွန်ဆုံး ကစားသမားများတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ၄င်း၏ ၉ ပွဲဆက် အောင်မြင်မှုများတွင် နောက်ဆုံး ခေါင်းလောင်းတီး ခဲ့ရသည်အထိ တစ်ကြိမ်သာ ကြာမြင့်ခဲ့ဖူးသည်။ ငါးကြိမ် ချုပ်ကစားခြင်းနှင့် ၃ ကြိမ် အလဲထိုးဖြင့် အပြီးသတ်နိုင်သည့် ကစားသမားကောင်း တစ်ဦးလည်းဖြစ်သည်။
 
ONE Championship ၏ Chairman နှင့် CEO ဖြစ်သူ Chatri Sityadtong က “ONE Championship အနေနဲ့ အခုလာမယ့် အောက်တိုဘာလမှာ ကမ္ဘာ့အဆင့်မီ ကိုယ်ခံပညာသိုင်းပေါင်းစုံကို ရှုစားနိုင်မယ့် နောက်ထပ်အံ့သြဖွယ်ကောင်းတဲ့ ညနေခင်း တစ်ခုကို ဖန်တီးပေးနိုင်ဖို့ ပြန်လည်ရောက်ရှိလာမှာပါ။ ရန်ကုန် လုပ်ခဲ့တဲ့ ပွဲတိုင်းဟာ ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ဝိတ်တန်းနှစ်ခုကမ္ဘာ့ချန်ပီယံဖြစ်ပြီး အားလုံးက လေးစားချစ်ခင်ရတဲ့ သူတစ်ယောက်ပါ။ ကြိုးဝိုင်းထဲမှာ အံ့သြဖွယ်ကောင်းတဲ့ ကိုယ်ခံပညာအရည်အချင်းတွေကို ပြသနိုင်တဲ့ သူဖြစ်သလို သူသွားတဲ့ နေရာတိုင်းမှာ လူတွေကို စည်းလုံးစေတဲ့အတွက်ကြောင့်လည်း မြန်မာပြည်သားအားလုံးက ချစ်ခင်ကြပါတယ်။ သူက ကိုယ်ခံပညာ သိုင်းပေါင်းစုံရဲ့ အနှစ်သာရကို တန်ဖိုးထားသိရှိထားပြီး နှလုံးသားပြည့်ဝတဲ့ ချန်ပီယံကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ အခုပွဲဟာ အောင်လအန်ဆန်အတွက် နောက်ထပ် ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခုဖြစ်လို လက်ဘနွန် နိုင်ငံသား မိုဟာမတ်ကရာကီ (Mohammad Karaki) ကလည်း မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်အတွက် အရည်အချင်းရှိတဲ့ စိန်ခေါ်သူတစ်ယောက်ပါပဲ။ သုဝဏ္ဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ နောက်ထပ် ရင်ခုန်ဖွယ် ကောင်းတဲ့ ပွဲတစ်ပွဲကို ကြည့်ရဦးမှာပါ။” ဟု ပြောကြားခဲ့သည်။
 
The Ladies News

 

Vote: 
Average: 2.5 (2 votes)

Add new comment