နည်းပြဘ၀ကို ဘာစီလိုနာမှာပဲ ကုန်ဆုံးချင်တယ်လို့ ဂွါဒီယိုလာ ဆို

မန်စီးတီးအသင်းနဲ့အတူ အောင်မြင်မှုတွေရယူထားနိုင်တဲ့ နည်းပြကြီး ဂွါဒီယိုလာကတော့ ၄င်းရဲ့နည်းပြဘ၀ကို ဘာစီလိုနာမှာသာ ကုန်ဆုံးချင်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
 
အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါ ကတ်တလန်သားဟာ ၄င်းရဲ့ပရော်ဖက်ရှင်နယ်နည်းပြဘ၀မှာ ဘာစီလိုနာ B အသင်းကို အောင်မြင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဘာစီလိုနာ စီနီယာကလပ် A အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့သူလည်းဖြစ်ပြီး ဘာစီလိုနာအသင်းကြီးနဲ့အတူ ဆုဖလားတွေ နဲ့ အောင်မြင်မှုမှတ်တိုင် များစွာကို စိုက်ထူနိုင်ခဲ့ပါတယ်။ ၄င်းဟာ အဆိုပါအသင်းကြီးမှာ ၄ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ လာလီဂါဖလား ၃ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလား ၂ ကြိမ်ရယူပေးထားနိုင် ခဲ့တာလည်းဖြစ်ပါတယ်။
 
ယခုလက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းကို ရောက်ရှိနေပြီး ပြီးခဲ့တဲ့ ရာသီက အသင်းကို စံချိန်တင်ရမှတ်တွေနဲ့ ပရီးမီးယားလိဂ်ဆုဖလားကြီးကို ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး တိုက်စစ်အကောင်းဆုံးအသင်း တစ်သင်းဖြစ်ကြောင်းကိုလည်း ပြသသွားနိုင်ခဲ့ပါတယ်။
 
မနေ့ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ ဂွါဒီယိုလာ “ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ သူတို့လိုချင်တဲ့ ကစားဟန်မျိုးကြိုးစားကစားပေးခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ကျွန်တော် မန်စီးတီးမှာ ဒီတာဝန်ကို ယူထားပေမယ့်လည်း ကျွန်တော့်နည်းပြဘ၀ကိုတော့ ကျွန်တော့်ဘ၀စတင်ခဲ့တဲ့ ဘာစီလိုနာမှာပဲ အဆုံးသတ်စေချင်မိပါတယ်။ ကျွန်တော် ဘာစီလိုနာ B အသင်းမှာ ကျွန်တော့်ရဲ့ နောက်ဆုံးနည်းပြဘ၀ကို အဆုံးသတ်သွားဖို့ မျှော်မှန်းထားပါတယ်။ “ လို့ ဂွါဒီယိုလာက ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် မှာလည်း ရလဒ်ကောင်းတွေရရှိထားပြီး ဆုဖလားအတွက် ရေပန်းစားခံနေရမှုမြင့်တက်နေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ၄င်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးဖို့ရှိနေပြီး နောက်ပိုင်းတွေမှာ ဘာစီလိုနာကို ပြန်လည် ရောက်ရှိလာနိုင်မှာလားဆိုတာကတော့ စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment