“Ballon d’Or ကို ကျွန်တော်စိတ်မ၀င်စားပါဘူး။ ကမ္ဘာ့ဖလားပဲရချင်ပါတယ်” လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ပြင်သစ်စတား အမ်ဘတ်ပီ

ယခုကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ပြင်သစ်အသင်းအတွက် အဖိုးတန် အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း လျင်မြန်ထက်မြတ်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ဆဲဖြစ်တဲ့ ပြင်သစ်စတား အမ်ဘတ်ပီက ၄င်းအနေနဲ့ Ballon d’Or ဆုရရှိဖို့ထက် ကမ္ဘာ့ဖလားသာ အရယူပြီး အိပ်စက်သွားချင်ပါတယ်လို့ မီဒီယာတွေရဲ့အမေးကို တုန့်ပြန်ပြောကြားလိုက်ပါတယ်။
 
အသက် ၁၉ နှစ်အရွယ်သာ ရှိနေသေးတဲ့ အဆိုပါပြင်သစ်စတားဟာ ပြင်သစ်မြေမှာလည်း PSG အသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ဆုဖလား ၃ လုံး ဆွတ်ခူးထားနိုင်ခဲ့တဲ့အပြင် လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း လက်ရွေးစင် အသင်းကို ဖိုင်နယ်ထိ ရောက်ရှိစေခဲ့ရာမှာ အဓိက နေရာက ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။
 
မီဒီယာအချို့နဲ့ ဘောလုံးကျွမ်းကျင် ပညာရှင်တွေကတော့ အဆိုပါ ပြင်သစ်လူငယ်ကြယ်ပွင့်ဟာ Ballon d’Or ဆုရဲ့ နောက်ဆုံး ဆန်ခါတင် ကစားသမား (၃) ယောက်စာရင်းမှာ ပါဝင်လာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုနေကြပြီး အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ၄င်းကို မေးမြန်းရာမှာတော့ အမ်ဘတ်ပီက ”ကျွန်တော် Ballon d’Or နဲ့ ပတ်သက်ပြီး အခုချိန်ထိ စိတ်မကူးမိသေးပါဘူး။ ကျွန်တော်အခုချိန်မှာ အာရုဏ်စိုက်နေတာက ကျွန်တော် ကမ္ဘာ့ဖလားကြီးကို အရယူပြီး ကမ္ဘာ့ဖလားကြီးနဲ့အတူ အိပ်စက်သွားနိုင်ဖို့ပါပဲ။ ၁၉၉၈ ခုနှစ်မှာ ပြင်သစ်ဖလားရတော့ ကျွန်တော် မမွေးဖွားသေးပါဘူး။ ဒါ့ကြောင့်သူတို့ ဘယ်လို ခမ်းနားစွာ အောင်ပွဲခံခဲ့ကြလဲဆိုတာ ကျွန်တော် မမြင်တွေ့ခဲ့ရပါဘူး။ ဒါကြောင့် ကျွန်တော် ဗိုလ်လုပွဲကို အကောင်းဆုံး ပေးဆပ်ကစားသွားမှာပါ။ ကျွန်တော် ဒါကိုလုပ်နိုင်ဖို့ အတွက် Ballon d’Or ဆိုတာကြီးကို ခေါင်းထဲက ရှင်းထားမှ ဖြစ်မှာပါ” လို့ အဆိုပါ ပြင်သစ်သားက တုန့်ပြန်ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment