သမိုင်းတစ်လျောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံး တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်တဲ့ ခရိုအေးရှား

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်ကို မနေ့ညပိုင်းက ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုအေးရှားတို့ဟာ အင်္ဂလန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
 
ဗိုလ်လုပွဲကို တက်လှမ်းနိုင်မယ်လို့ ဘောလုံး အကျော်အမော်တွေရဲ့ ခန့်မှန်းပြောကြားချက်တွေကို အမြောက်အမြား ပိုင်ဆိုင်ထားခဲ့တဲ့ အင်္ဂလန်အသင်းဟာ ယခင် ဆွီဒင်အသင်းနဲ့ ပွဲစဉ်ကအတိုင်း ကစားသမားတွေကို အသုံးပြုသွားခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ ဟယ်ရီကိန်း၊ လင်ဂတ်၊ စတာလင်တို့ကို တွဲဖက်ကစားစေခဲ့ပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ဖို့ စိတ်အားထက်သန်နေတဲ့ ခရိုအေးရှားအသင်းဟာလည်း တိုက်စစ်ကစားသမား ကောင်းတွေကို ထည့်သွင်းအသုံးပြုသွားခဲ့ပြီး အဓိက ကစားသမားတွေဖြစ်တဲ့ လူကာမိုဒရစ်၊ ရာကီတစ်၊ မန်ဇူကစ် အစရှိတဲ့ ကစားသမားတွေကို ပါဝင်စေခဲ့ပါတယ်။
 
ပွဲကစားချိန်စတင်တာနဲ့ ပရိသတ်တွေရဲ့ ထင်ကြေးပေးမှုကို အခိုင်အမာရရှိထားတဲ့ အင်္ဂလန်တို့ဟာ လျင်မြန်တဲ့ တိုက်စစ်ကို ပုံဖော်နိုင်ခဲ့ပြီး ပွဲကစားချိန် ၅ မိနစ်မှာတော့ ပြစ်ဒဏ်ဘောကို ထရစ်ပီးယားက လှလှပပ ဝှေ့ဝိုက် ကန်သွင်းယူနိုင်ခဲ့လို့ အင်္ဂလန်တို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးရပြီး နောက်ပိုင်းမှာလည်း အင်္ဂလန်တို့ဟာ ခရိုအေးရှားအသင်းဘက်ကို တိုက်စစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နိုင်ခဲ့ပြီး ခရိုအေးရှား ခံစစ်မှူးတွေကို အလုပ်များစေခဲ့ပါတယ်။
 
ခရိုအေးရှားတို့ဟာလည်း အင်္ဂလန်အသင်းကို တန်ပြန်တိုက်စစ်နဲ့ ပြန်လည်ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ရာကီတစ်ရဲ့ အဆုံးသတ်မှုကို တစ်ဖက်ဂိုးသမား ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့သလို၊ ခရိုအေးရှားတို့ရဲ့ ကန်သွင်းယူမှုကိုလည်း အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် အကောင်းဆုံး ပုံစံနဲ့ ရှင်းထုတ်နိုင်ခဲ့တာကြောင့် ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးတဲ့ အခါမှာတော့ အင်္ဂလန်တို့ဟာ ထရစ်ပီးယားရဲ့ တစ်လုံးတည်းသော ဖရီးကစ်ဂိုးနဲ့အတူ ခရိုအေးရှားအသင်းကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
 
ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း အင်္ဂလန်တို့ဟာ လျင်မြန်တဲ့ တိုက်စစ်ကို ပုံဖော်ဖို့ ကြိုးစားလာခဲ့ပြီး ခရိုအေးရှား နောက်တန်းတွေကိုတော့ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့သလို ဂိုးသမားနဲ့ တစ်ဦးချင်း တွေ့ဆုံမှုတွေကိုလည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ခရိုအေးရှားတို့ဟာလည်း ရရှိလာတဲ့ ဘောလုံးကို အကောင်းမွန်ဆုံး အချိတ်ဆက်မိမိ ပြန်လည်ပုံဖော်နိုင်ခဲ့ပေမယ့် ရှေ့တန်းတိုက်စစ်မှူးတွေ အဆုံးသတ် ကောင်းမွန်ခဲ့ခြင်းမရှိတာကြောင့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ပွဲကစားချိန် ၆၈ မိနစ်မှာတော့ ခရိုအေးရှားတို့ အဖိုးတန်ခြေပဂိုး တစ်ဂိုး ပြန်လည်ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ညာတောင်ပံကနေ မတင်ပေးလိုက်တဲ့ ဘောလုံးကို အင်္ဂလန်နောက်ခံ ကစားသမား ၂ ဦးကို ကျော်ဖြတ်ပြီး ပါရီဆစ်က သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခြေပဂိုးရရှိပြီးနောက်ပို်င်းမှာတော့ ခရိုအေးရှားတို့ရဲ့ တိုက်စစ်ဟာ သိသိသာသာ ကောင်းမွန်လာပြီး ကွင်းလယ်လူ မိုဒရစ်ရဲ့ ပေးပို့မှုတွေဟာ တိကျသေချာနေခဲ့တာကြောင့် အင်္ဂလန်အသင်းဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်ခဲ့ပြီး ပွဲကစားချိန် ၇၂ မိနစ်မှာတော့ ပါရီဆစ် ဂိုးသမားရဲ့ ညာဘက်ကို အပိုင်ကန်သွင်းယူခဲ့ပေမယ့် ဂိုးတိုင်နဲ့သာ ထိမှန်ခဲ့တာကြောင့် ခရိုအေးရှားတို့ ဦးဆောင်ဂိုး ၁ ဂိုးနစ်နာခဲ့ရသလို ရာကီတစ်ရဲ့ အပြင်းကန်သွင်းချက်တွေကိုလည်း အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် အကောင်းဆုံး ပုံစံနဲ့ ကာကွယ်သွားနိုင်ခဲ့ တာကြောင့် ပွဲကစားချိန်ပြီးဆုံးတဲ့ အခါမှာတော့ တစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။
 
ပထမပိုင်းအချိန်ပို ပြန်လည်စတင်ချိန်မှာတော့ အင်္ဂလန်တို့ဟာ ဂိုးရရှိဖို့အတွက် ခရိုအေးရှားဘက်ကို တစ်သင်းလုံးလိုလို ဖိအားပေးကစားလာခဲ့ပြီး ခရိုအေးရှားတို့ဟာလည်း အင်္ဂလန်ရဲ့ လျင်မြန်တဲ့ တိုက်စစ်ဆင် ထိုးဖောက်လာမှုတွေကို အမှားယွင်းမရှိ ကာကွယ်တားဆီးနိုင်ခဲ့တာကြောင့် ပထမပိုင်းအချိန်ပို ပြီးဆုံးချိန်မှာလည်း သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။
 
ဒုတိယပိုင်းအချိန်ပို ပြန်လည်စတင်လာတဲ့ အချိန်မှာတော့ ၂ ဖက်အသင်းဟာ တိုက်စစ်ဖွင့် ကစားလာတာကို တွေ့ရပြီး လူကာမိုဒရစ်ဦးဆောင်တဲ့ ခရိုအေးရှားတိုက်စစ်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် အင်္ဂလန် နောက်တန်းကို အလုပ်များစေခဲ့ပါတယ်။ ပွဲကစားချိန် ၁၁၉ မိနစ်မှာတော့ ခရိုအေးရှားတို့ အနိုင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ အင်္ဂလန်ကစားသမားတွေရဲ့ အမှားကတစ်ဆင့် ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်က လှလှပပ ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ခရိုအေးရှားတို့ဟာ သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
အင်္ဂလန်အသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရတော့မှာလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment