တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းကို ပြည်သူကဆုံးဖြတ်မှာပါ ဟုဆို

နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများရှိနေသာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းအား လူထုက ဆုံးဖြတ်မှာပါဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားသည်။
 
တိုင်းပြည်၏ ပြဿနားများကို အဖြေရှားရန်တွက် အစုအဖွဲ့အားလုံးက မိမိတို့အမြင်များကို ပွင့်ပွင့်လင်းပြောရန် လိုအပ်ကြောင်း ထိုသို့ ပွင့်ပွင့်လင်းပြောဆိုမှသာ မတူကွဲပြားမှုများကို အဖြေရာနိုင်မည်ဟု ရဲဘော်မျိုးဝင်းက သုံးသပ်သည်။
 
`ဒီလိုပွင့်ပွင့်လင်းလင်း ပြောမှဘဲ မတူကွဲပြားမှုတွေကို အဖြေရှာနိုင်မှာ မပြောတာထက်စာရင် ပြောတာကတော့ ပိုကောင်းတယ်။ ပွင့်ပွင့်လင်းလင်းပြောကြပါ၊ ကျွန်တော်တို့လည်း ကျွန်တော်အမြင် ကျွန်တော်တို့ပြောမှာပဲ တပ်မတော်လည်း တပ်မတော်အမြင် တပ်မတော်ပြောမှာပဲ အစိုးရလည်း အစိုးရအမြင်ပြောမှာပဲ ပြောတာက ပိုကောင်းတယ် ဒီတိုင်းပြည်အတွက် အဖြေရှာဖို့အတွက် ဒါအဖြေရှာရမယ့် အချက်တစ်ချက် ဆိုတာတဲ့ဟာကို ကျွန်တော်တို့သိရမယ်` ဟု ၄င်းကပြောကြားသည်။
 
ယခုဆိုလျှင် တပ်မတော်၏ အမြင်အပေါ်တွင် ဝေဖန်သုံးသပ်မှုများ ပြုလုပ်နေကြောင်း၊ ဤ သို့ဆိုလျှင် ပြည်သူ့အသံကို တပ်မတော်က ပြန်ကြားမည်ဖြစ်ကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။
 
`ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်သူလူထု ပါဝင်ဖို့အတွက် ဖြေရှင်းနိုင်ဖို့အတွက် မနေ့ကဆိုရင် တစ်နိုင်ငံလုံးကို ပြောလိုက်ပြီ ပြောလိုက်ပြီဆိုတော့ တပ်မတော်အမြင်ပေါ်မှာ အခုဆိုရင် ဝေဖန်ကြပြီး သုံးသပ်နေကြပြီ။ ပြည်သူ့အသံကို တပ်မတော်ပြန်ကြားမှာပဲ၊ ပြန်ကြားတယ်ဆိုရင် ငါတို့အမြင်သဘောထားက လူထုဆန္ဒနဲ့ ကိုက်ညီရဲ့လား ဆိုတာ သူမှာသုံးသပ်နိုင်တဲ့ အခွင့်အရေးရှိတယ်။ အဲဒီအခွင့်အလမ်းတော့ ပေးရမှာပဲ။ အဲဒါဆိုရင် ပြည်သူ့အသံကို မီဒီယာကတစ်ဆင့် ဖေါ်ထုတ်ပါ။ တပ်မတော်ပြောကြားပုံကို ပြည်သူလူထုက ဘယ်လိုမြင်လဲ၊ ကျွန်တော်တို့ မေးတာထက်စာရင် လူထုမေးပါ။ လူထုကဆုံးဖြတ်မှာပါ` ဟု ရဲဘော်မျိုးဝင်းက သုံးသပ်ပြောကြားသည်။
 
မိန့်ခွန်းပါ သဘောထားအတိုင်း ဆက်လက် ဆုပ်ကိုင်ထားမည်ဆိုပါက စေ့စပ်ဆွေးနွေးမှုသည် အချိန် ကြာမြင့်နိုင်ပြီး မိမိတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကို ပါဝင်လာခြင်းမှာလည်း အင်အားချည့်နဲ့၍ မဟုတ်ကြောင်းနှင့် တပ်မတော် ကာကွယ်ရေးဦစီးချုပ်၏ ပြောစကားသည် ယေဘုယျဆန်သည့် စကားလုံးဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက သုံးသပ်သည်။
 
`အဓိကက သူပြောတာက နည်းနည်းယေဘုယျဆန်တယ်။ ယေဘုယျဆန်တာက တပ်မတော်အင်အားချည့်နဲ့မှု မဟုတ်ဘူး၊ ကျွန်တော်တို့က တပ်မတော် အင်အားချည့်နဲ့တယ်လို့မမြင်ပါဘူး။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေး Process ထဲဝင်တာ ကျွန်တော်တို့ အင်အားချည့်နဲ့လို့ ၀င်လာတာမဟုတ်ဘူး။ တကယ့်ငြိမ်းချမ်းရေး လိုချင်လို့ ငြိမ်းချမ်းရေး ရလဒ်ကောင်းတစ်ခုဖြစ်ဖို့ နှစ် ၇၀ ကြာ တိုက်ကြခိုက်ကြတာကို တစ်ချက်ထား၊ Cease fire လုပ်ပြီး ငြိမ်းချမ်းရေး process ထဲဝင်လာတာ။ သူဘက်ခြမ်း၊ ကိုယ့်ဘက်ခြမ်းတော့ ရှိကြတာပေါ့လေ။ အဲဒါက ယျေဘုယျဆန်တဲ့ စကားလုံးဖြစ်နေတယ်လေ” ဟု နိုင်အောင်မငေးက ပြောကြားသည်။
 
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်းထဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ နှင့် တပ်မတော်က တက်ကြွစွာ ဦးဆောင် ဆောင်ရွက်နေခြင်းဟာ`ကျွန်တော်တို့မှာ အင်အားချည့်နဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်` ဟု ထည့်သွင်းပြောကြားထားသည်။
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းနှင့် ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် သုံးသပ်ဝေဖန်မှု များစွာလည်း ထွက်ပေါ်လျက်ရှိသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment