ကျွန်တော်လည်း မခိုဘူး ခင်များတို့လည်း မကပ်ပါနဲ့ဟု စည်ပင်တာဝန်ရှိသူများအား မြို့တော်ဝန်ပြောကြား

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမြို့တော်ခန်းမ ၊ ခန်းမ(၄)တွင် ကော်မတီဝင်များ တိုင်းစည်ပင် သာယာအဖွဲ့နှင့် ဌာနမှူးများ ၊ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဇွန်လ ၅ ရက်က တွေ့ဆုံပွဲ ပြုလုပ်ရာ မြို့တော်ဝန်က “ကျွန်တော်လည်း မခိုဘူး ခင်များတို့လည်း မကပ်ပါနဲ့” ဟုပြောကြားခဲ့ကြောင်း သိရသည်။
 
“အခု အစည်းအဝေးပွဲဟာ ရန်ကုန်စည်ပင်သာယာရေး ကော်မတီအောက်က ၃၃ မြို့နယ် တိုင်းစည်ပင် ညွှန်ကြားရေးမှူး ၁၁ မြို့နယ် အားလုံးပေါင်း ၄၄ မြို့နယ်ရဲ့ ဌာနမှူးများ ခရိုင်မှူးများ မြို့နယ် အုပ်ချုပ်ရေးမှူးများကို ပေါင်းဆုံပြီး လုပ်တဲ့ပွဲပါ။ မြို့နယ် (EO)တွေကို မှာချင်တာ မြို့နယ်တွေက လူထုနဲ့အဓိက ထိတွေ့ရတာပါ။ လူထုကို လေးလေးစားစား ဆက်ဆံကြဖို့ မှာချင်ပါတယ်”ဟုလည်း မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။
 
ထို့အတူ YCDC သည် လမ်းလေးခင်းပြရုံ အမှိုက်လေးသိမ်းပေးရုံ မဟုတ်ကြောင်း လူထုကို ၀န်ဆောင်မှု ပေးသည့် အဖွဲ့အစည်းဖြစ်ပြီး Mindsets များ ပြင်ကြရန်လည်း မြို့တော်ဝန်ကပြောသည်။
 
“လူထုကို သတင်းအချက်အလက်တွေပေးပါ ( ဥပမာ) လမ်းခင်းတယ်ဆိုပါစို့ ဘယ်နေ့ခင်းတယ် ဘယ်နေ့ပြီးမလဲ ဘယ်လောက် ကြာမလဲဆိုတဲ့ information ပေးရပါမယ်။ ဆိုင်းဘုတ်ဖြစ်ဖြစ် ထောင်ထားပြီး ကြော်ငြာပေးရမယ်၊ ငါလုပ်ချင်သလို လုပ်မယ် ပြီးချင်တဲ့ အချိန်ပြီးမယ်မရပါဘူး။ ဘတ်ဂျတ်မှာပါတဲ့လုပ်ငန်းတွေ ဆိုရင်လည်း ဘယ်တော့ ဘယ်နေရာ ဘာလုပ်ပါမယ်၊ တစ်ခါတည်း လူထုကို ကြော်ငြာ အသိပေးထားလို့ရပါတယ်။ ပြောမှလုပ် မေးမှဖြေ တွန်းမှ မြန်မြန်လုပ်တာမျိုးက မကောင်းပါဘူး၊ တာဝန်ဆိုတာ အသိစိတ်ပါ”ဟုလည်း ၎င်းကဆိုသည်။
 
ပြီးခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်း အားလုံးကို စည်းရုံးပြီး အလုပ်လုပ်ခဲ့ကြောင်း၊ ယခုနှစ်မှ စပြီး လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းကို ကြည့်မည်ဖြစ်ကာ ၀န်ထမ်းအနေဖြင့် ရသင့် ရထိုက်သည့် အခွင့်အရေး ပေးမည်ဖြစ်ကြောင်းနှင့် အလုပ်ကိုကြိုးစားရန် အများအတွက် လူထုအတွက် လုပ်ရန်လည်း မြို့တော်ဝန်ကပြောသည်။
 
“ကျနော် သည်းမခံနိုင်တာ တစ်ခုရှိပါတယ်။ မပြောသင့် မပြောအပ်တဲ့ ပြောပိုင်ခွင့်မရှိတဲ့ စကားကို လက်လွတ်စပယ် မပြောပါနဲ့။ တာဝန်မဲ့စကား မပြောပါနဲ့။ တာဝန်မဲ့ရင် တာဝန်က ရပ်စဲရပါလိမ့်မယ်။ ကျနော် ကြိုပြောထားပြီနော် လူထုကို ဆင်ခြေမပေးပါနဲ့ အလုပ်နဲ့ သက်သေပြပါ။ ဆင်ခြေပေးချင်ရင် ကျွန်တော်တို့ကို လာပေးပါ။ ခင်ဗျားတို့လည်း Government staff၊ ကျနော်လည်း Government Staff ပါ။ ပြည်သူ့အစေခံပါ။ ပြည်သူနဲ့ တွေ့တဲ့အခါ သခင်လိုမနေကြပါနဲ့။ ဒါအရေးကြီးတဲ့ အချက်ပါ” ဟုလည်း အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment