ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် ONE: SPIRIT OF A WARRIOR ပွဲကြီးမတိုင်ခင် မီဒီယာများနှင့်တွေ့ဆုံ

အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အားကစားပွဲများ ဦးစီးကျင်းပလျက် ရှိသည့် ဝမ်းချန်ပီယံရှစ် ONE Championship TM (ONE) သည် ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းကြီး၌ ကျင်းပပြုလုပ်သွားမည့် “ONE: SPIRIT OF A WARRIOR” ပြိုင်ပွဲကြီး၏ ချန်ပီယံကာကွယ်ပွဲကြီး မတိုင်မီ ဝမ်းမစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ (ONE Middleweight & Light Heavyweight World Champion) ဖြစ်သူ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်နှင့် မီဒီယာများနှင့် တွေ့ဆုံနိုင်ရန် ဗီဒီယိုဖုန်းခေါ်ဆိုမှုတစ်ခုကို စီစဉ်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ၎င်းပြိုင်ပွဲကြီးတွင် အောင်လအန်ဆန်သည် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ဆက်လက် ကာကွယ်ရေးအတွက် ဂျပန်နိုင်ငံမှ ပြိုင်ပွဲဝင်သစ်ဖြစ်သူ Ken Hasegawa နှင့် ယှဉ်ပြိုင်ထိုးသတ် သွားရမည်ဖြစ်သည်။
 
မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်သည် ဤပွဲကြီးတွင်လည်း ထပ်မံ၍နိုင်ပွဲရယူကာ မြန်မာနိုင်ငံအတွက် ထပ်မံဂုဏ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီး သူသည် လက်ရှိအချိန်တွင် Ken Hasegawa နှင့် ယှဉ်ပြိုင်ရမည့်ပွဲကြီး အတွက် ပြင်ဆင်မှုများ ပြုလုပ်နေရသော်လည်း မီဒီယာအချို့နှင့် အချိန်ပေးကာ တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။
 
“Ken Hasegawa က ဂျပန်နိုင်ငံမှာ အတော်ဆုံး သိုင်းပေါင်းစုံ ကိုယ်ခံပညာ ကစားသမားတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူဟာ အတော်သန်မာတဲ့သူ ဖြစ်ပြီး၊ ခံနိုင်ရည်အားကောင်းတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ကို အထင်သေးလို့ မရတဲ့အတွက် ကျွန်တော့်အနေနဲ့ ဒီပွဲကြီးအတွက် ပြင်ဆင်တဲ့နေရာမှာ အာရုံအပြည့်အဝစိုက်ပြီး အကောင်းဆုံး ကြိုးစားနေပါတယ်။ သူ့ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကိုလည်း ကျွန်တော် လေ့လာထားပြီးပါပြီ။ သူ့ထိုးသတ်မယ့် နည်းဗျူဟာကို အသာစီးရယူနိုင်ဖို့အတွက်လည်း ကျွန်တော့်မှာ Game Plan ကောင်းတစ်ခုရှိထားပြီးပါပြီ။ ကျွန်တော်မှာ စိတ်ဖိအားတော့ မရှိပါဘူး။ ကျွန်တော့်ရဲ့ ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ အတွက်တော့ စိတ်လှုပ်ရှားနေပါတယ်။ ဒီပွဲက ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်မှာပါ။ ကျွန်တော့်အလုပ်ရဲ့ အရေးအကြီးဆုံး ပွဲကြီးလို့ သဘောထားပြီးတော့ ကျွန်တော် လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ကျွန်တော့်ရဲ့ပြိုင်ဘက်ကိုလည်း အကောင်းဆုံး လေ့ကျင့်ထားဖို့ ပြောချင်ပါတယ်။ ဒါမှသာ ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်လာနိုင်မှာပါ။"
 
“အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့မရနိုင်ဘူး ဆိုတာကို ကျွန်တော့်ရဲ့မိသားစုနဲ့ မိတ်ဆွေတွေ နားလည်ကြပါတယ်။ သူတို့ရဲ့အပြည့်အဝ ပံ့ပိုးပေးမှုတွေကိုရတဲ့ အတွက်လည်း ကျွန်တော် သိပ်ကို ကံကောင်းပါတယ်။ သူတို့က ကျွန်တော်နဲ့ ကျွန်တော့်အလုပ်အတွက် အများကြီး အနစ်နာခံထားပေးတာတွေ ရှိပါတယ်။ အဲဒီအတွက်လည်း ကျွန်တော် သူတို့ကို အမြဲကျေးဇူးတင်နေမှာပါ။ မြန်မာနိုင်ငံက ပရိတ်သတ်တွေရဲ့အားကို ကျွန်တော ရပါတယ်။ မြန်မာ့ အားကစားသမား တစ်ဦးအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် ယှဉ်ပြိုင်ထိုးသတ်ရတဲ့ အတွက် ကျွန်တော် သိပ်ကို ဝမ်းသာပါတယ်။ ဒီအတွက် ကျွန်တော့်ဘဝရဲ့အောင်မြင်မှုတွေ အားလုံးထက် ပိုပြီးဂုဏ်ယူမိပါတယ်။ ကျွန်တော့်ကို အစဉ်အမြဲ အားပေးကြတဲ့ ပရိတ်သတ်တွေကို အထူးကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အားပေးမှု အလကားမဖြစ်အောင် ကြိုးစားနေပါတယ်။”
 
“ကျွန်တော် ဒီပြိုင်ပွဲကြီးအတွက် အပြင်းအထန် လေ့ကျင့်နေတာ ၆ ပတ်လောက်ရှိနေပါပြီ။ ကြိုးစားအားထုတ်မှုနဲ့ ပြင်ဆင်မှု ကောင်းကောင်းရှိထားရင် အောင်မြင်မှုရရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ Ken က ကျွန်တော့် ထက် ပိုသန်မာတယ်လို့ မထင်မိပါဘူး။ ကျွန်တော်တို့က သူ့ရဲ့အားသာချက်တွေကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတဲ့ Game Plan ကောင်းကောင်း တစ်ခုလည်း ရှိထားပါတယ်။ အခြေအနေကိုကြည့်ပြီး အကောင်းဆုံး ဗျူဟာနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ အနိုင်ယူဖို့အတွက် လိုအပ်သလို အပြောင်းအလဲ လုပ်ပြီး ကစားသွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ အနိုင်ရဖို့အတွက်၊ ကျွန်တော့်ရဲ့ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ဖို့အတွက် ကျွန်တော် အာရုံအပြည့်အဝ စိုက်ထားပါတယ်" လို့ အောင်လအန်ဆန်က မီဒီယာများကို ပြောကြားခဲ့သည်။
 
အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် အောင်လအန်ဆန်သည် မြန်မာ့သမိုင်း တစ်လျှောက်တွင် အောင်မြင်မှုအရှိဆုံး ကစားသမားတစ်ဦးဖြစ်ပြီး သူ၏ နာမည်ကျော်ချုပ်ကွက် ပညာကျွမ်းကျင်မှုကြောင့် “မြန်မာ့စပါးအုံး” အဖြစ် တင်စား ခေါ်ဝေါ်ခြင်း ခံခဲ့ရသူလည်းဖြစ်သည်။
 
တောင်တန်းဒေသရှိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့သည့် ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သူ အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လက Vitaly Bigdash ကို အလဲထိုးကာ အနိုင်ယူခဲ့သည်ဟု ဒိုင်များ၏ တညီတညွတ်တည်း ဆုံးဖြတ်မှုနှင့်အတူ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု (ONE Middleweight World Championship) ကို ရယူဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ပြိုင်ပွဲတွင်လည်း သူသည် ဘရာဇီးမှ Alexandre Machado ကို အနိုင်ရယူခဲ့ပြီး ဝမ်းလိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် (ONE Light Heavyweight World Championship) ကို ရယူနိုင်ခဲ့သည်။ ယခုအခါ အောင်လအန်ဆန်သည် သူ၏ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို KEN HASEGAWA နှင့် ယှဉ်ပြိုင်ကာ ကာကွယ်ထိန်သိမ်းရမည်လည်း ဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ ဂျပန်နိုင်ငံမှ KEN HASEGAWA သည် သိုင်းပေါင်းစုံ ကိုယ်ခံပညာရှင် တစ်ဦးဖြစ်ပြီး ဝမ်းချန်ပီယံရှစ် ONE ChampionshipTM (ONE) တွင် ပထမဆုံးအကြိမ် ပွဲဦးထွက်အနေဖြင့် ပါဝင်ယှဉ်ပြိုင်လာသူ ဖြစ်ပြီး KEN HASEGAWA သည် ဂျပန်နိုင်ငံ၏ သိုင်းပေါင်းစုံ ကိုယ်ခံပညာပွဲများဖြစ်သည့် Deep နှင့် Rizin ပွဲများတွင် ပြိုင်စံရှား ခြေချုပ်စွမ်းပကားနှင့် မိုးကြိုးကဲ့သို့ ပြင်းထန်သော ကန်ချက်များဖြင့် နာမည်ရနေသူလည်း ဖြစ်သည်။
 
သူသည် ပြိုင်ဘက် ၅ ဦးတွင် ၄ ဦးအား အလဲထိုးအနိုင်ယူနိုင်ခဲ့ပြီး ချုပ်ကွက် ၄ ကွက်နှင့် ထူးခြားကျွမ်းကျင်သော အလဲထိုးကွက် ၆ ကွက် ပါဝင်သည့် ပရော်ဖက်ရှင်နယ်မှတ်တမ်း ၁၆ ပွဲနိုင် ၂ ပွဲရှုံး ၁ ပွဲ သရေ ရရှိထားသူလည်း ဖြစ်သည်။ KEN HASEGAWA သည် ဝမ်းချန်ပီယံရှစ် (ONE Championship) တွင် ပထမဆုံးအကြိမ် အဖြစ် “ONE SPIRIT OF A WARRIOR” ကြိုးဝိုင်းအတွင်းသို့ ချဉ်းနင်း ဝင်ရောက်တော့မည်ဖြစ်ပြီး ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ရယူရန် (ONE Middleweight World Championship) အောင်လအန်ဆန်ကို စိန်ခေါ်ထားသူလည်း ဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment