တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်ရုပ်ရှင်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ အစီအစဉ်များ တရုတ်သံရုံးထုတ်ပြန်

ယခုနှစ်တွင် ကျရောက်သည့် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေဖြင့် ရန်ကုန်အပါအ၀င်မြို့ကြီး ၁၂ မြို့တွင် ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲ အစီအစဉ် များ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ဖေ့စ်ဘွတ်စာမျက်နှာတွင် ထုတ်ပြန်ထားချက်အရ သိရသည်။
 
တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် အချိန်အခါအတွင်း စိတ်လှုပ်ရှားဖွယ်ရာ တရုတ်ယဉ်ကျေးမှုနှင့် အနုပညာလှုပ်ရှားမှုများ ဖြစ်သည့် “နှစ်သစ်မှာ ပျော်ရွှင် တရုတ်တန်းတစ်ခွင်”၊ “နှစ်သစ်ကြိုဆို တရုတ်ရုပ်ရှင်ပွဲတော်”၊ “ယှဉ်ပြိုင်ဆင်နွဲ တရုတ်ခြင်္သေ့၊ နဂါးအကပြိုင်ပွဲ”နှင့် “မီးလျှံကြားက နှင်းစက်” မြန်မာစကားရုပ်သံဇာတ်လမ်းတွဲ တင်ဆက်ပြသွားမည် ဖြစ်သည့် အတွက် အများပြည်သူအနေဖြင့် ပါဝင်ဆင်နွဲရန်ဖိတ်ခေါ် ထားကြောင်း ဖော်ပြထားသည်။
 
“နှစ်သစ်မှာပျော်ရွှင် တရုတ်တန်းတစ်ခွင်” အစီအစဉ်အား ရန်ကုန် တိုင်းဒေသကြီး အစိုးရနှင့် မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများ၏ အသင်း အဖွဲ့များ ပူးပေါင်းကာ ရန်ကုန်မြို့ လသာမြို့နယ်ရှိ တရုတ်တန်းတွင် ဖေဖော်ဝါရီ ၁၆ ရက် (တရုတ်နှစ်ဆန်း ၁ ရက်) နံနက် ၈ နာရီမှ ည ၁၁ နာရီထိ စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေမှုများဖြင့် လာရောက်သည့် ပရိသတ်များကို တင်ဆင်ပြသသွားမှာဖြစ်ကြောင်း ဖော်ပြထားသည်။
 
ယင်းနောက် “နှစ်သစ်ကြိုဆို တရုတ်ရုပ်ရှင်ပွဲတော်” အစီအစဉ်တွင် မြန်မာစကားပြော တရုတ်ရုပ်ရှင် ဇာတ်ကားများကို နေပြည်တော်နှင့် ပြည်နယ် တိုင်းဒေသကြီး ၁၁ ခုရှိ မြို့ကြီးများတွင် လာမည့် ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၂ ရက် (တရုတ်ပြက္ခဒိန် နှစ်ဆန်း ၁ ရက်မှ ၇ ရက်) အထိ ကျင်းပမည်ဖြစ်ပြီး ကြည့်ရူမည်ရက်တွင် သက်ဆိုင်ရာရုပ်ရှင်ရုံတွင် ပွဲမစတင်မီ ၁ နာရီအလိုတွင် ရုပ်ရှင်လက်မှတ်များ အခမဲ့ထုတ်ယူကာ ကြည့်ရူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်ရုံများနှင့် ပွဲချိန်များကို တရုတ်သံရုံး ဖေ့စ်ဘွတ်ပေ့ခ်ျတွင် ၀င်ရောက်ကြည့်ရူနိုင်ကြောင်း သိရသည်။
 
ဆက်လက်ပြီး ၁၃ ကြိမ်မြောက် ခြင်္သေ့နဂါးအကပြိုင်ပွဲဖြစ်သည့် “ယှဉ်ပြိုင်ဆင်နွဲ တရုတ်ခြင်္သေ့၊ နဂါးအကပြိုင်ပွဲ” ကို ဖေဖော်ဝါရီ ၁၇ ရက်(တရုတ်နှစ်ဆန်း ၂ ရက်) ည ၇ နာရီတွင် ရန်ကုန်မြို့လသာမြီု့နယ်ရှိ စဥ့်အိုးတန်းလမ်းတွင် မြန်မာနိုင်ငံခြင်္သေ့နှင့် နဂါးအကအဖွဲ့ချုပ်မှ ဦးစီးကျင်းပမည်ဖြစ်ကြောင်း သိရသည်။
 
တရုတ်နှစ်သစ်ကူးအကြိုည ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ ည ၉ နာရီတွင် စကိုင်းနက်ရုပ်သံ World Drama Channel မှ မြန်မာစကားပြော တရုတ်ဇာတ်လမ်းတွဲဖြစ်သည့် “မီးလျှံကြားက နှင်းစက်” ကို စတင်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment