အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လီစ်မြို့ အခြေစိုက် ပရဟိတအဖွဲ့အစည်း Pencils For Kids မှ ရန်ပုံငွေရှာဖွေရေး အခမ်းအနား ကျင်းပပြုလုပ်

မြန်မာနိုင်ငံတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသုံးပစ္စည်းများအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီပေးသည့် အမေရိကန်နိုင်ငံ၊ လောစ့်အိန်ဂျယ်လိစ်မြို့ အခြေစိုက် ပရဟိတအဖွဲ့အစည်း တစ်ခုဖြစ်သည့် Pencils for Kids ၏ ရန်ပုံငွေရှာဖွေရေး အခမ်းအနား (Fundraising Event) ကို(၂၀၁၈)ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရှိ Atlas Rooftop Lounge တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စီးပွားရေးနယ်ပယ်တွင်းမှ ပုဂ္ဂိုလ်များ၊ မီဒီယာများနှင့် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
 
အဆိုပါရန်ပုံငွေ ရှာဖွေရေးအခမ်းအနားတွင် ထူးခြားသည့် Charity Silent Auction (ရန်ပုံငွေရှာဖွေရေး လေလံအခမ်းအနား) ကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပြီး လေလံအခမ်းအနားတွင် တက်ရောက်လာကြသည့် ဧည့်သည့်တော်များမှ ကြိုတင် စာရင်းပေးသွင်းထားသည့် လေလံပစ္စည်းများအား လေလံတင်ရောင်းချပြီး လေလံအောင်သည့် ငွေပမာဏကို ရန်ပုံငွေအဖြစ် ပြန်လည်လှူဒါန်းခွင့် ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဆိုပါအခမ်းအနားတွင် ၀င်ရောက်လှူဒါန်းသူ အချို့ရှိခဲ့ပြီး Pencils for Kids ၏ Charity Silent Auction (ရန်ပုံငွေရှာဖွေရေး လေလံအခမ်းအနား) မှ လှူဒါန်းငွေ စုစုပေါင်းအမေရိကန် ဒေါ်လာ ၁,၅၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ ပရဟိတ အဖွဲ့အစည်းဟာ ရန်ပုံငွေ ရှာဖွေရေးအခမ်းအနားကို ယခင်နှစ်တွင်လည်း ရန်ကုန်မြို့ရှိ SEEDS Restaurant တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပြီး ၀င်ရောက်လှူဒါန်းသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားတွင် Pencils for Kids ပရဟိတအဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့သူ Ms. RettaJitner က “ကျွန်မ မြန်မာပြည်ရောက်နေတုန်း ပုဂံခရီးစဉ်တစ်ခုမှာ ကလေးမလေးတစ်ယောက်က ခဲတံအပိုရှိလားလို့ ကျွန်မကိုမေးခဲ့ပါတယ်။ ကျွန်မလည်း အိတ်ထဲကနေ ဘောပင်လေးတစ်ချောင်း ထုတ်ပြီး ပေးလိုက်ပေမယ့် ကလေးမလေးက လက်မခံခဲ့ပါဘူး။ ကလေးမလေးက ခဲတံကိုပဲ ဘာလို့လိုအပ်နေတာလဲ သိချင်တဲ့အတွက် အနားမှာရှိတဲ့ နောက်ထပ် ကလေးတစ်ယောက်ကို ဆက်မေးခဲ့ပါတယ်။ ခဲတံရှိမှ ကျောင်းသွားလို့ ရမှာပါဆိုတဲ့ အဖြေက ကျွန်မအတွက် Pencils for Kids ပရဟိတ အဖွဲ့အစည်းကို စတင်ဖွဲ့စည်းဖို့အတွေးကို အစပျိုးစေခဲ့ပါတယ်“ လို့ သူမ တည်ထောင်ဖြစ်ခဲ့ပုံကို ပြောကြားသွားခဲ့ပါတယ်။
 
Pencils for Kids ပရဟိတအဖွဲ့အစည်းသည် ၄င်းတို့၏ ပထမခြေလှမ်းအနေဖြင့် ၂၀၀၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီရှိ ကလေးသူငယ်များအား ပညာသင်ကြားနိုင်ရန် ကူညီထောက်ပံ့ပေးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ဆက်လက် ကူညီပေခဲ့တယ်လို့ သိရပြီး ၂၀၁၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံကို စတင်ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့အစည်းသည် လက်ရှိအချိန်တွင် နိုင်ငံ ၃ နိုင်ငံရှိ ကလေးသူငယ်များအတွက် လိုအပ်သည့် ကျောင်းသုံးပစ္စည်း ၂၀၀၀ ကျော် လှူဒါန်းခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
 
Pencils for Kids ပရဟိတအဖွဲ့အစည်းကို ၂၀၀၇ ခုနှစ်တွင် RettJitner ဆိုသော အမျိုးသမီးမှ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး
ဖွံ့ဖြိုးဆဲနိုင်ငံရှိ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံလိုအပ်သည့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
 
The Ladeis News
 

 

Vote: 
No votes yet

Add new comment