Amara Communications ၏ 4G+ အင်တာနက်ဒေတာ ဝန်ဆောင်မှု ananda (အနန္တ) အမှတ်တံဆိပ်ကို စတင်မိတ်ဆက်

Amara Communications မှ မကြာမီ မိတ်ဆက်တော့မည့် 4G+ အင်တာနက် ဒေတာဝန်ဆောင်မှုအဖြစ် ananda (အနန္တ) အမှတ်တံဆိပ်ကို ဖေဖော်ဝါရီ ၇ ရက် စတင် မိတ်ဆက်ထုတ်ဖော် ပြသလိုက်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
Amara Communications Co., Ltd. (ACS) သည် မြန်မာနိုင်ငံတွင် telecommunications ဆိုင်ရာ ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ananda (အနန္တ) ကို ACS မှ ပိုင်ဆိုင်ကာ လုပ်ငန်းကို လည်ပတ် လုပ်ကိုင်နေကြောင်း ဆိုသည်။ ananda (အနန္တ) သည် တစ်ဦးချင်း၊ လုပ်ငန်းအစုအဖွဲ့လိုက် ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ကျယ်ပြန့်သော အတွေ့အကြုံများကို ခံစားရရှိစေနိုင်မည့် 4G+ ဒေတာအော်ပရေတာ (4G+ data operator) အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
 
အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော telecommunications ဈေးကွက်ကို ခြေလှမ်းအစပြုနိုင်ရန် ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ACS အနေဖြင့် အင်ဂျင်နီယာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် မြို့ပြအင်ဂျင်နီယာ လုပ်ငန်း၊ တာဝါတိုင်၊ စွမ်းအင်၊ ရေဒီယိုစက်ပစ္စည်းများ တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု စသည့် မိုဘိုင်းနည်းပညာ ဆိုင်ရာ အခြေခံအဆောက်အုံနှင့် ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။
 
၎င်းအပြင် ACS သည် ငွေဖြည့်ကဒ် (top-up cards) များကို ဈေးကွက်အတွင်း ဖြန့်ချီသည့်လုပ်ငန်းကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် ACS သည် ၂၆၀၀ မက်ဂါဟက်ဇ် လှိုင်းပေါ်တွင် အခြေပြုသည့် မြန်နှုန်းမြင့် 4G+ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်ရရှိခဲ့ကြောင်း သိရသည်။ ananda (အနန္တ)က ၎င်း၏ လုပ်ငန်းဝန်ဆောင်မှုများကို ၂၀၁၈ ခုနှစ် ပထမသုံးလပတ်အတွင်း စတင်ရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အမှတ်တံဆိပ် မိတ်ဆက်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖေဖော်ဝါရီလ ၁၀ ရက်၊ စနေနေ့ One Entertainment Park တွင်ကျင်းပမည့် Full Moon Party တွင် ananda (အနန္တ) ၏ ပထမဦးဆုံးသော infinity hub ကို ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း ဆိုသည်။
 
၎င်း infinity hub တွင် စီးဝင်နစ်မျောနိုင်သော တေးဂီတများနှင့်အတူ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ဖျော်ဖြေမှု အတွေ့အကြုံ အသစ်အဆန်းများကို ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် အထူးအစီအစဉ်အနေဖြင့် ဈေးကွက်အတွင်း စတင်ဝင်ဆောင်မှုပေးမည့် အချိန်တွင်ရရှိနိုင်မည့် ဝန်ဆောင်မှုများနှင့် ကမ်းလှမ်းမှုများကို ကြိုတင်ခံစားနိုင်ရန် စာရင်းပေးသွင်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အစိမ်းရောင်စီးကြောင်း သုံးလိုင်းဖြင့် အဓိကပုံဖော်ထားသည့် ananda (အနန္တ) အမှတ်တံဆိပ်ကို ရန်ကုန်မြို့အနှံ့ရှိ ကြော်ငြာဆိုင်းဘုတ်များတွင် တွေ့မြင်နိုင်မည်ဖြစ်ပြီး အွန်လိုင်းအနေဖြင့် www.ananda.com.mm နှင့် www.facebook.com/ananda livemore တို့တွင် ၀င်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
 
ဓာတ်ပုံ- ACS
The Ladies News

 

Vote: 
No votes yet

Add new comment