ဖလွိုက်မေ၀ဲသာကို မကျေပွဲပြန်လည်ထိုးသတ်ဖို့ မက်ဂရီဂေါ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေ

နာမည်ကျော် UFC ချန်ပီယံဟောင်းဖြစ်သူ ကော်နာမက်ဂရီဂေါ်က ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဟောင်း ဖလွိုက်မေ၀ဲသာနဲ့ နောက်ထပ်တစ်ကြိမ် ၀င်ငွေ ၅ သန်းခန့် ရရှိနိုင်မယ့် မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ မက်ဂရီဂေါ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက မေ၀ဲသာနဲ့ Las Vegas မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၁၀ ချီမြောက်မှာတော့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
 
အဆိုပါပွဲစဉ်မှာ UFC ချန်ပီယံဟောင်း မက်ဂရီဂေါ်က လက်ဝှေ့စည်းမျဉ်းတွေအတို်င်း ထိုးသတ်ခဲ့ရတာဖြစ်ပြီး လက်ဝှေ့ပညာမှာ ထူးခြားကောင်းမွန်တဲ့ မေ၀ဲသာက နောက်ပိုင်းအချီတွေမှာ အသာစီးကစားနိုင်ခဲ့ပြီး ၁၀ ချီမြောက်မှာ အလဲထိုးဖြင့် အနိုင်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ မေ၀ဲသာက မက်ဂရီဂေါ် ကျွမ်းကျင်ရာ UFC ကြိုးဝိုင်းကို ပြန်လည် ၀င်ရောက်ထိုးသတ်ရမှာ ဖြစ်ပြီး MMA စဉ်းမျဉ်းတွေအတိုင်း ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
TalkSport သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ၄င်းတို့ ၂ ဦးဟာ ပြန်လည်ထိုးသတ်ဖို့ အပြင်းအထန် ဆွေးနွေးနေကြတယ်လို့ သိရပြီး ၂ ဦးလုံးကလည်း ပွဲဖြစ်လာဖို့ ယုံကြည်နေကြတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး TalkSport စီစဉ်တင်ဆက်သူ ဂျင်ဝှိုက်က "သူတို့ ၂ ဦးလုံးက အနားယူပြီးသား ကစားသမားတွေပါ။ အခုထိုးသတ်မယ့် အနိုင်အရှုံးဟာ သူတို့ရဲ့ ကစားသမားမှတ်တမ်းတွေကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ လက်ဝှေ့စည်းမျဉ်းအရ ဆိုရင်တော့ ကော်နာဟာ မေ၀ဲသာကို လုံးဝမယှဉ်နိုင်ပါဘူး။ ဒါပေမယ့် လူတွေက မေ၀ဲသာကို ကော်နာထိုးလိုက်လို့ လဲသွားတာ မြင်ချင်နေကြတယ်ဗျ။ ဒါ့ကြောင့် အခုညှိနှိုင်းဆွေးနွေးနေတဲ့ ပွဲဟာ ဒေါ်လာ သန်း ၅၀၀ လောက်အထိ ၀င်ငွေရရှိမယ့် ပွဲတစ်ပွဲဖြစ်မှာ အသေချာပါပဲ" လို့ ပြောကြားထားပါတယ်။
 
UFC Middle Weight ချန်ပီယံဟောင်း မစ်ချယ်ဘီစပင်းန် ကတော့ ၄င်းတို့ ၂ ဦးကို MMA စည်းမျဉ်းတွေ အတိုင်းသာ ထိုးသတ်ခွင့်ပေးမယ် ဆိုပါက အချိန်ခဏလေးအတွင်းမှာ ပွဲပြတ်သွားမှာ ဖြစ်တယ်လို့ သုံးသပ်ပြောကြားထားပြီး ကြည့်ရှုရသူတွေအတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ၄င်းက မေ၀ဲသာဟာ ဘောက်ဆင်ကစားသမား တစ်ဦဖြစ်ပြီး ၄င်းလို ဘောက်ဆင်နည်းစနစ်နဲ့ သာ ကစားတတ်တဲ့ လူမျိုးအတွက် UFC သမားတွေက ၃၅ စက္ကန့်လောက်ပဲ အချိန်ယူရမှာပါလို့ ၄င်းရဲ့တွစ်တာမှာ ရေးသားဖော်ပြထားတာလည်း ဖြစ်ပါတယ်။
 
Ref: Daily mail
The Ladies News
 

 

Vote: 
No votes yet

Add new comment