မုဒိမ်းမှုကျူးလွန်သူများ သေဒဏ်ပေးရေးဆန္ဒပြပွဲ မြောက်ဒဂုံ မ၀တလမ်းဆုံတွင်ပြုလုပ်

 
သက်ငယ်မုဒိမ်းမှုများ၊ လူသတ်မုဒိမ်းမှုများ စသည့် မုဒိမ်းမှုကျူးလွန် သူများအား သေဒဏ်ပေးရေး ရည်ရွယ်ချက်ဖြင့် မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေး အဖွဲ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြို့နယ်တရားရုံး အနီးရှိ မ၀တလမ်းဆုံတွင် ဖေဖော်ဝါရီ ၈ ရက် နံနက် ၈ နာရီမှစတင် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
 
မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် မုဒိမ်းမှုများကြောင့် အမျိုးသမီးများ၏ ဘ၀လုံခြုံမှုကို ခြိမ်းခြောက် ခံနေရကြောင်း၊ ၎င်းခြိမ်းခြောက်မှုကြောင့် အမျိုးသမီးများ အပြင်ထွက်သွားလာရန် မ၀ံ့ မရဲဖြစ်ကာ နေ့စဉ်ဘ၀ လုံခြုံမှု မရှိတော့သည့်အထိ ခံစားနေရကြောင်း ဆိုသည်။
 
ယင်းအတွက် အမျိုးသမီးများ ဘ၀လုံခြုံမှုကို ခြိမ်းခြောက်နေသည့် မုဒိမ်းမှုများအား ကာကွယ်တားဆီးနိုင်ရေးအတွက် သယ်ငယ်မုဒိမ်း၊ လူသတ်မုဒိမ်း နှင့်စသည့် မုဒိမ်းမှုမှန်သမျှ သေဒဏ်ပြစ်ဒဏ် ပေးခြင်း အားဖြင့် နောက်နောင် မုဒိမ်းမှုများ လျော့ပါးသွားရန် ရည်ရွယ်ကာ ဆန္ဒပြပွဲပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောသည်။
 
ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်သည့် ဒေါ်တင်ဆွေမြင့်က “မုဒိမ်းမှု မှန်သမျှ သေဒဏ်ပေးပါဆိုပြီး အစ်မတို့က တရားဝင် တောင်းဆိုတာဖြစ် တယ်။ ငြိမ်းစုစီတင်ပြီးသွားပြီ။ တရားဝင်တောင်းဆိုတာ မုဒိမ်းမှုမှန်သမျှကို သေမိန့် ပေးရေးကို ဒီကနေ့ တရားဝင်တောင်းဆိုတာ ဖြစ်တယ်။ လက်ရှိဥပဒေတွေက မလုံလောက်ပါဘူး။ မုဒိမ်းမှုတစ်မှုကို အပြစ်ပေးခြင်းက ထောင်ဒဏ် ၇ နှစ်ပဲရှိပါတယ်။ ထောင်ထဲမှာ ၃ နှစ် ၊ ၄ နှစ်နေတယ်။ ဒီကြားထဲမှာ သူတို့တွေဟာ လွတ်ငြိမ်းချမ်းသာနဲ့ဆိုရင် ထောင်ထဲမှာ ဘယ်လောက်မှ မကြာဘူးနေရတယ်။ ဒီတော့ မြန်မာအမျိုးသမီးနဲ့ ကလေးသူငယ်လေးတွေမှာ ဘယ်လောက်အထိ နစ်နာသလဲ။ သူတို့ပေးတဲ့ ပြစ်ဒဏ်နဲ့မထိုက်တန်ဘူး။ ဒီအတွက် မုဒိမ်းမှန်သမျှကို သေဒဏ်ပေးဖို့ရာ တောင်းဆိုတာ ဖြစ်တယ်” ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း) တရားရုံးရှေ့တွင် မီဒီယာများ မေးမြန်းချက်အား ပြန်လည်ဖြေကြားသည်။
 
အဆိုပါ အဖွဲ့အနေဖြင့် ယနေ့ဆန္ဒပြ လူထုလှုပ်ရှားမှု ကမ်ပိန်းပြုလုပ်သည့်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် တရားရုံးတွင် လွန်ခဲ့သည်လက FDA ၀န်ထမ်းအမျိုးသမီးအား လူသတ်မုဒိမ်းကျင့် အလောင်းဖျောက်ဖျက်မှု ကျုးလွန်သည် ဆိုသူ မျိုးဇော်ဦး (၂၇ နှစ်) ဆိုသူက ရုံးထုတ်ရမန်ယူမည်နေ့ဖြစ်သည်။
 
အဆိုပါ ပြစ်မှုကျူးလွန်သူအား မနက် ၉ နာရီ ၁၅ မိနစ်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တရားရုံးတွင် သီးသန့်ရုံးထုတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးဝန်ထမ်းတွေက ပြောဆိုခဲ့ပြီး သတင်း မီဒီယာတွေ အနေဖြင့်တွေ့ဆုံခွင့် မရရှိခဲ့ကြောင်း သတင်းရယူသည့် သတင်းထောက်များက ပြောသည်။ ၎င်းအခြေအနေနှင့် ပတ်သက်ပြီး ကြားသိရသည့် ဆန္ဒပြအမျိုးသမီးများ အဖွဲ့အနေဖြင့် ပွင့်လင်းမြင်သာမှု မရှိသည်ဆိုကာ မကျေမနပ် ပြောဆိုခြင်းများ ရှိသည်။
 
ဆန္ဒပြအမျိုးသမီးများအနေဖြင့် မ၀တ လမ်းဆုံတွင် မုဒိမ်းမှုမှန်သမျှ ထိထိရောက်ရောက် အရေးယူပေးပါ စာတမ်းပါ ဗီနိုင်းများအပြင် အခြား ဗီနိုင်းများကိုင်ဆောင်ခြင်းနှင့် လမ်းဆုံအနီး ဖြတ်သန်းသွားလာသည့် ယာဉ်များ၊ ခရီးသွားပြည်သူ များအား လှုပ်ရှားမှုတွင် ပါဝင်ရေး ပန်းဖလက်များ မျှဝေခြင်းများ လုပ်ခဲ့သည်။
 
ယင်းနောက် “မုဒိမ်းမှုမှန်သမျှ…သေဒဏ်ပေး”၊ “လွတ်ငြိမ်းမှု…မရှိစေရ”၊ “အမျိုးသမီးဘ၀လုံခြုံဖို့…မုဒိမ်းမှုကို သေဒဏ်ပေး” နှင့် “ကလေးငယ်များဘ၀ လုံခြုံဖို့….မုဒိမ်းမှုကို သေဒဏ်ပေး” စသဖြင့် ကြွေးကြော်ကာ ဆန္ဒပြ ကမ်ပိန်းအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment