နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ကျောက်မျက်ရတနာ လာရောက်ဝယ်ယူရန် လွယ်ကူသည့် ကျေက်မျက်ဈေးကွက် ဖြစ်ပေါ်လာစေရန်အတွက် တိုင်းဒေသကြီးအစိုးရက ပံ့ပိုးကူညီမည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ကျောက်မျက်ရတနာ လာရောက်ဝယ်ယူရန် လွယ်ကူသည့် ကျေက်မျက်ဈေးကွက် ဖြစ်ပေါ်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပံ့ပိုးကူညီမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
 
ကျောက်မျက်လုပ်ငန်းရှင်များ အသင်း(ရန်ကုန်) ပထမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
“နိုင်ငံတကာကနေ မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာဈေးကွက်ဟာ၊ မြန်မာနိုင်ငံကိုလာပြီး ဈေးဝယ် မယ်ဆို စိန်ဝယ်လို့ အလွန်အင်မတန် ကောင်းတယ်ဆိုရင် ရန်ကုန်ရဲ့စီးပွားရေးဟာ အလွန်အင်မတန် တိုးတက် လာစရာ ရှိပါတယ်။ ဒီစိန်ဟာ ကျွန်တော်တို့ ထုတ်လုပ်နေစရာ လည်း မလိုပါဘူး။ လာရောင်းတဲ့လူ တွေက မြန်မာနိုင်ငံမှာ ပြပွဲမှာရောင်းကြ မယ်။ မြန်မာနိုင်ငံကို နိုင်ငံတကာက ဧည့်သည်တွေက လာပြီးဝယ်ကြ မယ်။ ဒီအစီအစဉ်လေးကို ကျွန်တော်တို့က ပေါင်းစပ်ပေးနိုင်ဖို့ပဲ လိုအပ်တာ ဖြစ်ပါတယ်။ ဒါမျိုးအခြေအနေမျိုးတွေကို ကျွန်တော်တို့ ရန်ကုန် ကျောက်မျက်ရတနာအသင်းတွေဘက်ကနေ စွမ်းဆောင်နိုင်သလောက် စွမ်းဆောင်ပေးပါ ကျွန်တော်တို့အစိုးရတွေ ဘက်ကလည်း ပံ့ပိုးကူညီပေးပါမယ်”ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
 
အဆိုပါပြပွဲသည်မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ အချောထည် လက်ဝတ်ရတနာများအထိ ပြပွဲမျိုးကို ပထမဦးဆုံးအကြိမ် ကျင်းပနိုင်ခြင်းဖြစ်ပြီး အစိုးရနှင့်လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ အစိုးရဘက်တွင်လည်း မှောင်ခိုဈေးကွက်တစ်ခုအဖြစ် လုပ်ဆောင်သွားမည်ကို စိုးရိမ်မှုများရှိကြောင်းလည်း ၎င်းကပြောသည်။
 
“အစိုးရဘက်ကလည်း အမြဲတမ်း ဘယ်လိုအယူအဆရှိလဲ ဆိုတော့ ဒီအထဲကို ပစ္စည်းတွေသွင်းလာပြီး ဒီမှာ မှောင်ခိုဈေးကွက် တစ်ခုလို လုပ်သွားလိမ့်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးတွေနဲ့ အခွန်အတုတ်ရမှ ရပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးတွေ ရှိပါတယ်။ ဒါတွေအားလုံးဟာ အပြည်ပြည်ဆိုင်ရာမှာ ကျင့်သုံးနေတဲ့ နည်းဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ လုပ်ငန်းရှင်တွေကလည်း တာဝန်ယူ တာဝန်ခံမှုနဲ့ မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာ ဈေးကွက်ကို ပိုမိုပွင့်လင်းလန်းအောင် ကျွန်တော်တို့ လုပ်ရမှာဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံ မှာ နိုင်ငံတကာ လာရောက် ရောင်းဝယ်နိုင်တဲ့လူတွေ၊ လွယ်ကူတဲ့နည်းစနစ်တွေနဲ့၊ လွယ်ကူတဲ့ဆောင်ရွက်ပေးနိုင် တဲ့ အခြေအနေတွေရှိဖို့ လိုအပ်မှာဖြစ်ပါတယ်” ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
 
ကျောက်မျက်ရတနာ ဈေးကွက် ပိုမိုတိုးတက်လာရန် နိုင်ငံတာမှ ကျောက်မျက် ဝယ်ယူလိုသူများ မြန်မာနိုင်ငံကို အလွယ်တကူ လာရောက်ဝယ်ယူနိုင်သည့် အခြေအနေမျိုးဖြစ်အောင် ကြိုးပမ်းရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ရောင်းဝယ်သူ အားလုံးသည် လွယ်လွယ်ကူကူနှင့် နိုင်ငံတကာကို ရောင်းဝယ်နိုင်သည့် စနစ်မျိုးဖြစ်အောင် ကြိုးပမ်းရမည် ဖြစ်သည်။
 
အစိုးရနှင့် ကျောက်မျက်ရတနာ အသင်းများအကြား ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားမှသာ လျင်လျင်မြန်မြန် တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ယခုပြပွဲမှတစ်ဆင့် ပိုမိုကောင်းမွန်သည့် အခြေအနေ တစ်ခုဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုမည်ဟုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြား ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment