လီဆူရိုးရာ(ခေါ့ရှီ) နှစ်သစ်ကူးပွဲတော်နှင့် ပူတာအို လီဆူစာပေနှင့် ယဉ်ကျေးမှု ကော်မတီ နှစ်(၆၀)ပြည့်ပွဲတော်ကို သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မည်

ကချင်ပြည်နယ် ၊ ပူတာအိုမြို့တွင် လီဆူရိုးရာ(ခေါ့ရှီ) နှစ်သစ်ကူး ပွဲတော်နှင့် ပူတာအိုလီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ နှစ်(၆၀) ပြည့်ပွဲတော်ကို ဇန်န၀ါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
“လီဆူစာပေနှင့် ယဉ်ကျေးမှုကို ၁၉၅၃-၁၉၅၄ ခုနှစ် ၀ိုင်းမော်မှာ ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပူတာအိုမှာတော့ ၁၉၅၇ မှာဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ ပြီးမှ တစ်ပြည်လုံးရှိ မြို့နယ်အသီးသီးမှာ ဖွဲ့စည်းပြီးတော့ ဥပဒေနှင့်အညီ ရပ်တည်လာတာ နှစ်(၆၀)ပြည့်လို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရတဲ့ပွဲဖြစ်ပါတယ်။ ပြည်ထောင်စု အဆင့် ၊ ပြည်နယ်အဆင့်နဲ့ပြည်ပက ဖိတ်ကြားထားတဲ့ ဧည့်သည်တော် တွေလည်း တက်ရောက်ချီးမြှင့်ပေးဖို့ မျော်လင့်ပါတယ်” ဟု လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာတီယောဟန်က ပြောကြားသည်။
 
ပွဲတော်အထိမ်းအမှတ်အနေဖြင့် ဘော်လီဘောပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းပြိုင် ပွဲ ၊ သံလုံးပစ်ပြိုင်ပွဲ၊ ရိုး ရာဒူးလေးပစ်ပြိုင်ပွဲ ၊ မြင်းစီးပြိုင်ပွဲနှင့် ဂေါက်ရိုက်ပြိုင် ပွဲများ ကျင်းပမည့်အပြင် ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများ၊ ခေတ်ပေါ် တေးဂီတ ဖျော်ဖြေမှုများနှင့် မြန်မာနိုင်ငံ အနှံ့အပြားမှ အလှမယ် ၁၈၀ ဦး ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
 
ပြခန်းများအနေဖြင့် ရိုးရာယဉ်ကျေးမှုပြခန်းများ ၊ ရှေးယခင် တောင်ပေါ်ဒေသ တိုင်းရင်းသား တို့ မြစ် ၊ ချောင်းများကို ဖြတ်ကူးရာတွင် ယမထာကြိမ်လုံး တစ်လုံးတည်းဖြင့် တစ်ယောက်ချင်း ဖြတ်ကူးခဲ့ပုံများ ၊ ယမထာကြိမ် မရရှိသည့် အခြေအနေမျိုးတွင် ၀ါးခြမ်းခွဲ၍ ၀ါးလုံးနှစ်လုံး ပူးချည်ကာ တံတားပြုလုပ် သွားလာခဲ့ပုံများ ၊ တောင်ပေါ်ဒေသ သားကောင် ဖမ်းနည်းမျိုးစုံများကို ပြသသွားမည့်အပြင် ရိုးရာမီးပင်လယ် ကျော်ဖြတ်၍ ဓားတောင်တက်ပွဲအား ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပြီး ကံစမ်းမဲဖောက်ပေးခြင်းလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment