NCA အား ပြန်လည်သုံးသပ်ရန် အကြံပြုချက်ပါဝင်သည့် အိတ်ဖွင့်ပေးစာ ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံပေးပို့

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး NCA ကို ပြန်လည်သုံးသပ်ရန် အကြံပြုချက် ပါဝင်သည့် အိတ်ဖွင့်ပေးစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အပစ်ရပ်ရှစ်ဖွဲ့၏ PPWT အဖွဲ့ ခေါင်းဆောင် ပဒိုစောတာဒိုမူး နှင့် UNFC မှ ခူးဦးရယ် တို့ထံ လိပ်မူပြီး ၁၇ ကြိမ်မြောက် အရပ်ဖက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်မှ ပေးပို့ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သော ၁၇ ကြိမ် မြောက် အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်သို့ တက် ရောက် လာသော ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့် ပတ်သက်ပြီး အရေးဆို အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဖိုရမ်အပြီး ဒီဇင်ဘာခြောက်ရက်နေ့ မွန်းလွဲပိုင်းတွင် Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ယင်း အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးရန်ကျော်က ပြောကြားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ အိတ်ဖွင့်ပေးစာ၌ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတွင် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များအား ညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးခွင့် ပေးရန် အလေးအနက် တောင်းဆိုသည်ဟု ဖော်ပြထားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး NCA ကို ပြန်လည်သုံးသပ်ရန် အလေးအနက် အကြံပြုပါသည်ဟု ပါရှိသည်။
 
NCA စာချုပ်တွင် ပါဝင်သည့် မည်သည့်အချက်အား အဓိကထားပြီး သုံးသပ်လိုပါသလဲဟု သတင်းထောက်များက မေးမြန်သည့်အခါ ဦးရန်ကျော်က NCA စာချုပ်အား အသေးစိတ် ဖော်ဆောင်သည့်အချက်များ လုပ်ထုံလုပ်နည်း ထဲတွင် ပါဝင်ခြင်းမရှိဟု ပြန်လည်ဖြေကြားသည်။
 
''၂၂ ဃ မှာဆိုရင် ငြိမ်းချမ်းရေးပြီးသွားတဲ့ အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် တခြားသော ဥပဒေများထဲမှ ပြင်ဆင်နိုင်တာကို ပြင်ဆင်၊ ဖြုတ်တန်တာကိုဖြုတ်၊ အသစ် ထပ်ထည့်တန်တာကို ထပ်ထည့်မှုတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီဆိုတဲ့ စကားလုံးမှာ အဲ့ဒါကို ဘယ်သူ့သွားမေးမေး ဘယ်သူမှမဖြေနိုင်ဘူး။ လုပ်ထုံးလုပ်နည်း ဆိုတာ ဘာကိုပြောတာလဲ၊ ဆိုလိုချင်တာက NCA သည် ဥပဒေမဟုတ်တဲ့အတွက် နည်းဥပဒေ မရှိဘူး။ NCA သည် စာချုပ်သာဖြစ်တယ်။ စာချုပ်ကို ဖော်ဆောင်ရတဲ့ အသေးစိတ် ဖော်ဆောင်မှု ပုံစံက အခုချိန်ထိ မပါလာသေးဘူး" ဟု ဦးရန်ကျော်က ပြောကြားသည်။
 
လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ NCA တွင် လက်မှတ်ရေးထိုးထားသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ ဖက်ဒရယ် ကောင်စီအဖွဲ့ဝင် တိုင်းရင်းသားလေးဖွဲ့ကမူ NCA တွင် လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိုနှိုင်းဆဲဖြစ်သည်။ ဝ အဖွဲ့ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့ ခုနစ်ဖွဲ့က NCA ကို လက်ခံခြင်းမရှိပေ။ နှစ်ရက်တာပြုလုပ်ခဲ့သော အရပ်ဖက် အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်တွင် ပြည်နယ်နှင့်တိုင်း ၁၃ ခုမှ အရပ်ဖက် ကွန်ရက်နှင့် အရပ်ဖက် အဖွဲ့အစည်း ၉၂ ဖွဲ့မှ ကိုယ်စားလှယ်များ တစ်သီးပုဂ္ဂလများ အပါအဝင် ၁၅၄ ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment