B.O.T ကုမ္ပဏီများမှ စာချုပ်ပါ စည်းကမ်းများအတိုင်း လိုက်နာဆောင် ရွက်ခြင်း မရှိပါက လုပ်ငန်းရုတ်သိမ်းသည် အထိ အရေးယူမည်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြုထားသော လမ်းပိုင်းများအား စာချုပ်ပါ စည်းကမ်း များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိပါက ပထမဦးစွာ သတိပေးခြင်း ၃ ကြိမ် ပြုလုပ်မည်ဖြစ်ပြီး ယင်းနောက် လိုက်နာမှု မရှိပါက လမ်းတံတား အသုံးပြုခ ကောက်ခံခွင့်အား ရပ်ဆိုင်းခြင်း၊ ဆက်လက်၍ လိုက်နာမှုမရှိပါက လုပ်ငန်းရုတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒု-ဝန်ကြီး ဦးကျော်လင်းက နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
 
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း က လမ်းတံတားကြေး ကောက်ယူခွင့်ရ ကုမ္ပဏီ အဖွဲ့အစည်းများ၏ စာချုပ်ပါ စည်းကမ်းနှင့်အညီ ဆောင်ရွက်မှု ရှိ၊မရှိ၊ စည်းကမ်းနှင့်မညီ လုပ်ဆောင်မှုကို မည်သို့ အရေးယူ ဆောင်ရွက်ပြီး ကြီးကြပ်ကွပ်ကဲရန် တာဝန်ပျက်ကွက်သော တာဝန်ရှိ ဝန်ထမ်းအဖွဲ့ကို မည်သို့ အရေးယူရန် စီစဉ်ဆောင်ရွက် လျက်ရှိသည် နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြု ထားသော လမ်းပိုင်းများတွင် လမ်းတံတားအသုံးပြုခ ကောက်ခံခွင့်ပြု ထားသော B.O.T ကုမ္ပဏီများအား ပဋိညာဉ်စာချုပ်တွင် ပါရှိသည့် စံချိန်စံညွှန်းများအတိုင်း ပြည့်မီအောင် ဆောင်ရွက်သွားရန် အနီးကပ် ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအခြေအနေတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြု ထားသော လမ်းပိုင်းများအား စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက် စေရေးအတွက် B.O.T ကုမ္ပဏီများသို့ ကြပ်မတ် ညွှန်ကြားလျက်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment